မယ်စဲ့ မတ် ၁၄
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် အိမ်နီးချင်းထိုင်းနိုင်ငံနှင့် နှစ်နိုင်ငံ ဝင်ပေါက်/ထွက်ပေါက်ဖြစ်သည့် မယ်စဲ့ဘီပီ(၁၃)ဂိတ်နှင့် ဘီပီ(၁၄)နယ်စပ်ဂိတ်တို့တွင် မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကမ္ဘာ့နိုင်ငံ များတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်မွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အဆိုပါနယ်စပ်ဂိတ်များတွင် နယ်စပ်ကုန်သွယ်ရေး ဖြတ်သန်းသွားလာနေသောယာဉ်များ၊ နှစ်နိုင်ငံခရီးသွားပြည်သူများအား ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရသူများ ပါဝင်လာခြင်း မရှိစေရေးအတွက် ကျန်းမာရေး စစ်ဆေးခြင်း၊ အဖျားတိုင်းကိရိယာဖြင့် စစ်ဆေးတိုင်းတာခြင်းနှင့် လက်ကို စင်ကြယ်အောင်ဆေးကြောခြင်း၊ ချောင်းဆိုး၊ နှာချေကျင့်ဝတ် အသိပညာပေးခြင်း လုပ်ငန်းတို့ကို မြို့နယ်ကျန်းမာရေးဝန်ထမ်းများက နေ့စဉ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ကမ္ဘာ့ကပ်ရောဂါအနေနဲ့ ဖြစ်ပွားလျက်ရှိတဲ့ COVID-19 ရောဂါကို တုန့်ပြန်ဆောင်ရွက်တဲ့ နေရာမှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ရောဂါကာကွယ်ရေး ကျန်းမာရေး အသိပညာပေး နှိုးဆော်ချက်တွေကို ပြည်သူတွေက ပူးပေါင်းပါဝင်ပြီး စနစ်တကျ လိုက်နာဖို့ လိုအပ်ပါတယ်။ နယ်စပ်ဂိတ်တွေမှာ နေ့စဉ်စစ်ဆေးဆောင်ရွက်ချက်တွေအရ ယနေ့အထိ သံသယ လူနာမတွေ့ရသေးဘူး” ဟု မြို့နယ် သွားနှင့်ခံတွင်း ဆရာဝန် ဒေါက်တာမြတ်စိုးဦးက ပြောကြားသည်။
မယ်စဲ့မြို့နယ်တွင် COVID-19 ရောဂါ ကူးစက်မှု ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ထမ်းများက ကျေးရွာတိုင်းတွင် ကျန်းမာရေးအသိများ၊ ဆောင်ရန်/ရှောင်ရန် အချက်များကို အသိပညာပေး ဟောပြောခြင်းနှင့် မြို့နယ်ပြည်သူ့ဆေးရုံတွင်လည်း ကြိုတင်ကာကွယ်မှုများအတွက် စနစ်တကျပြင်ဆင် ဆောင်ရွက်ထားရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဝတ်ရည်(ပြန်/ဆက်)