သထုံ မတ် ၁၉
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် သထုံမြို့နယ် မဲဆန္ဒနယ်မြေအမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောညီညီထွေးတို့က အမှာစကားပြောကြားပြီး သထုံခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာသင်းသင်းအိက ကမ္ဘာ့နိုင်ငံအသီးသီး၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံနေရမှုအခြေအနေများ၊ ဒေသတွင်းကြိုတင်ကာကွယ်ရေး ဆောင်ရွက်နေမှုများ၊ ရောဂါနှင့်ပတ်သက်သည့် သတင်းအတု၊ သတင်းမှန်များကို ခွဲခြားသိရှိနိုင်ရေး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ သတင်းအမှန်များ တင်ပြပေးနေမှုအခြေအနေ၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ရေးအတွက် ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ကြိုတင်ဆောင်ရွက် ထားရှိမှုအခြေအနေများနှင့် လိုအပ်ချက်များတို့ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းဦးက ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားပုံနှင့် သတိပြုရမည့် နေ့စဉ်နေထိုင်မှုစနစ်များ၊ ကာကွယ်ရေးနှင့်ပတ်သက်၍ သိသင့်သည်များကို ရှင်းလင်းပြောကြားရာ တက်ရောက်လာသူများက သိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲသို့ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဘာသာရေးအဖွဲ့အစည်းများ၊ လူမှုကူညီရေး ပရဟိတ အဖွဲ့အစည်းများ၊ တိုင်းရင်းသား အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သက်ဦး(သထုံ)