ပုလဲ ဇန်နဝါရီ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာဖတ်ရှိန် မြှင့်တင်ရေး ပြိုင်ပွဲများအဖြစ် စာစီစာကုံး၊ ပန်းချီ၊ မြန်မာစကားပုံဆက်နှင့် ဆေးရောင်ခြယ် ပြိုင်ပွဲများကို ယနေ့ နံနက် ၉နာရီခွဲက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ပုလဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်သိန်းစိုးက “ မြန်မာနိုင်ငံ ရဲ့ အနာဂတ်မှာ ခေါင်းဆောင်ဖြစ်လာမယ့် ကလေးများ၏ ဉာဏ်ရည်ဉာဏ်သွေးနှင့် အယူအဆများ ထက်မြက်လာစေရန်၊ ကလေးများ၏ တီထွင်ဖန်တီးလိုစိတ်များ ရင့်သန်လာစေရန်၊ ကလေးများ စာပေနှင့် ရင်းနှီးပြီး စာဖတ်ဝါသနာ ပါလာစေရန် ၊ ကလေးများအတွက် ပျော်ရွှင်မှုကို ဖန်တီးပေးရန်၊ စာတတ်သူတိုင်း စာဖတ်တဲ့ အလေ့အကျင့်ကောင်းများ ရရှိလာစေရန်နှင့် သမိုင်းဝင် နေ့ထူးနေ့မြတ်ဖြစ်တဲ့ လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းအရာများကို သိရှိလာစေရန် ရည်ရွယ်ချက်များဖြင့် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာဖတ်ရှိန်မြှင့်တင်ရေး ပွဲများအဖြစ် အခြေခံပညာအထက်တန်း အဆင့် စာစီစာကုံးပြိုင်ပွဲ၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲ၊ မူလတန်းအဆင့် မြန်မာ စကားပုံဆက်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်ပညာရေးမှူးရုံး၊ မြို့နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့၏ အားပေးကူညီမှုများဖြင့် ကျင်းပပြုလုပ်ပေးခြင်း ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
အဆိုပါ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာဖတ်ရှိန်မြှင့်တင်ရေး ပြိုင်ပွဲများသို့ ပုလဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိမည့် ကျောင်းသား ၊ ကျောင်းသူများကို ၂၀၂၀ ပြည့်နှစ် ၊ ဇန်နဝါရီ ၄ရက် ၊ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဆုများကို ပေးအပ်ချီးမြှင့်မည် ဖြစ်ကြောင်း သိရသည်။
မင်းခန့်စိုး (ဇေယျာမြေ)