လွိုင်ကော် ဖေဖော်ဝါရီ ၂၈
ကယားပြည်နယ် လူငယ်ရေးရာကော်မတီ အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီ ခွဲအချိန်က ကယားပြည်နယ်အစိုးရအဖွဲ့ရုံး ပြည်နယ်စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးရုံးခန်း၌ ကျင်းပသည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူငယ်ရေးရာ ကော်မတီဥက္ကဋ္ဌ၊ ကယား ပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင် သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာ အောင်ကျော်ဌေးက ပထမအကြိမ် လူငယ်ရေးရာကော်မတီ အစည်းအဝေးကို ၆-၁၂-၂၀၁၉ ရက်နေ့ကပြုလုပ်ခဲ့ပြီး ဆောင်ရွက်မည့် လုပ်ငန်းအားစီမံချက်များ ရေးဆွဲခဲ့ပါကြောင်း၊ လူငယ်များအနေဖြင့်ရှေ့ဆက်ပြီး ပိုမိုကောင်းမွန်သည့်လုပ်ငန်းများအား မူဝါဒနှင့်အညီ ဆက်လက်လုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊ လူငယ်များအနေဖြင့် အခုချိန်ကထဲက ကြိုးစား လုပ်ဆောင်မှ နောင်လာမည့်နှစ်များအတွင်း ပိုမိုလုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် လူငယ်မျိုးဆက်သစ်များကို အားပေးနေသလို အားလည်းကိုးပါကြောင်း၊ လူငယ်များ အနေဖြင့် ရှေ့အနာဂတ်အတွက် အကောင်းဆုံးဖြစ်အောင် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ကြရန်လိုကြောင်း၊ လူငယ်များအနေဖြင့် အတူတကွ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်မှုအား ကောင်းဖို့လိုအပ်ပါကြောင်း၊ လူငယ်စကားဝိုင်းများကို ပိုမိုပြုလုပ်ဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း၊ လူငယ်မူဝါဒများ ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာမှတာဝန်ရှိသူတို့က ဝိုင်းဝန်း ဆောင်ရွက်ကြဖို့ လိုအပ်မှာဖြစ်ကြောင်း၊ လူငယ်ဦးဆောင်သူများအနေဖြင့်လည်း လူငယ်များ အား လက်တွဲခေါ်ဆောင်ဖို့ လိုအပ်မှာဖြစ်ကြောင်း၊ လူငယ်များကလည်း မိမိတို့၏ ရည်ရွယ်ချက်များကို ဖော်ဆောင်မည်ဆိုပါက ပြည်နယ်အစိုးရ အဖွဲ့အားကိုယူပြီး ပေါင်းစပ် လက်တွဲဖို့ လိုအပ်မှာဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် တစ်ဖွဲ့နှင့်တစ်ဖွဲ့နားလည်မှုရှိရှိ ညှိနှိုင်း ဆောင်ရွက်ကြဖို့၊ အချိန်တိုတိုနဲ့ထိရောက်တဲ့ Action Plan များကိုရေးဆွဲဆောင်ရွက်ကြဖို့၊ မြို့နယ်ခုနှစ်မြို့နယ် အထိဖြန့်ကျက်ဆောင်ရွက်ဖို့ လိုအပ်မှာဖြစ်ကြောင်း အဖွင့်အမှာစကားတွင် ပြောကြားသည်။
ဆက်လက်ပြီး ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဦးချန်ပဲ့ က လူငယ်များ၏ ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြပြီး ပြည်နယ်လူငယ်ရေး ကော်မတီအတွင်းရေးမှူး မမူဂျိုဝါးနာမှ ပြည်နယ်လူငယ်ရေးရာ ကော်မတီအနေဖြင့် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ပြည်ထောင်စုလူငယ်ရေးရာ ကော်မတီအတွင်းရေးမှူး ကိုစောကလျာထွန်း က လူငယ်မူဝါဒများနှင့်ပတ်သက်၍ လူငယ်များပိုမိုသိရှိနိုင်ရန်အတွက် ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်အသီးသီးမှ တက်ရောက်လာကြသည့် လူငယ်များက လူငယ်များအတွက် အကျိုးရှိမည့် သင်တန်းများဖွင့်လှစ်ပေးခြင်း၊ လူငယ်စကားဝိုင်းများ ပိုမိုပြုလုပ်ဆောင်ရွက် နိုင်ရေး၊ လူငယ်များချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိလာနိုင်စေရန်အတွက် အားကစားပွဲများ ပြုလုပ် ဆောင်ရွက်ပေးနိုင်ရေး၊ ဗီယမ်နမ်နိုင်ငံ၌ ပြုလုပ်ဆောင်ရွက်မည့် လူငယ်များတွေ့ဆုံခြင်းသို့ တက်ရောက်နိုင်ရန်အတွက် လူငယ်ကိုယ်စားလှယ် ရွေးချယ်ခြင်း၊ လူငယ်ရန်ပုံငွေများ ရှာဖွေနိုင်ရေး စသည့်အချက်များကို တင်ပြဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
အဆိုပါ အစည်းအဝေးသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စည်ပင်သာယာရေးနှင့် လူမှုရေး ဝန်ကြီး ဒေါက်တာ အောင်ကျော်ဌေး၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဉီးစီးဌာန ပြည်နယ်ဉီးစီးမှူး၊ ပြည်နယ်အားကစားနှင့် ကာယပညာဉီးစီးဌာန ပြည်နယ်ဉီးစီးမှူး၊ ပြည်နယ်ပညာရေးမှူး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ပြည်နယ်ဉီးစီးမှူး ပြည်နယ် လူမှုဝန်ထမ်း ဉီးစီးဌာနမှ ပြည်နယ်ဉီးစီးမှူးနှင့် ပြည်နယ် လူငယ်ရေးရာကော်မတီးဝင်းများ တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိသည်။
ထွန်းလေး