(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စံပြမိခင်နှင့် ကလေးပြိုင်ပွဲကျင်းပ

မယ်စဲ့ ဇန်နဝါရီ  ၃

(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စံပြမိခင်နှင့်ကလေးပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက ကယားပြည်နယ်၊ မယ်စဲ့မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပသည်။

ရှေ့ဦးစွာ ကလေးပြိုင်ပွဲတွင် မွေးစမှ ၆ လ၊ ၆ လမှ ၁နှစ်၊ ၁နှစ်မှ ၁နှစ် ၆လအထိ ကလေးငယ်များအား ဒိုင်အဖွဲ့များက ကိုယ်အလေးချိန်ခြင်း၊ လက်မောင်းပတ်တိုင်းခြင်း၊ ကလေး၏တစ်ကိုယ်ရည် သန့်ရှင်းရေး စစ်ဆေးခြင်း၊ ကလေးမိခင်များကို ကလေးနှင့်ပတ်သက်သည့် အာဟာရဖြည့်စွက်စာကျွေးနည်း၊ သားဆက်ခြားနည်းနှင့် ကျန်းမာရေးဌာနမှ အသက်အရွယ်အလိုက် ထိုးနှံပေးသည့် ကာကွယ်ဆေးများအကြောင်းကို စစ်ဆေးမေးမြန်းပြီး အကဲဖြတ်အမှတ်ပေးကြသည်။

ဆက်လက်၍ မူကြိုကလေးငယ်များအား မုန့်စားပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲနှင့် ပူပေါင်း ဖေါက် ပြိုင်ပွဲများကို ကျင်းပခဲ့ပြီး ဆုများကို (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။

ဝတ်ရည် (ပြန်/ဆက်)