မော်လမြိုင်၌ အကြိမ်(၄၀)မြောက် စူဠဘွဲ့နှင်းသဘင်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

မော်လမြိုင် ဖေဖော်ဝါရီ ၁

မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် အကြိမ်(၄၀)မြောက် စူဠဘွဲ့နှင်းသဘင်နှင့် ဆွမ်း ဆန်စိမ်းလောင်းလှူပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက မော်လမြိုင်မြို့ လှိုင်ရပ်ကွက်ရှိ ပရိယတ္တိဓမ္မဗိမာန် တော်ကြီး၌ ကျင်းပသည်။

ရှေးဦးစွာ  “နမောတဿ”  သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး နိုင်ငံ တော်ဩဝါဒါစရိယ၊ မော်လမြိုင်မြို့ နတ်မှော်ကျောင်းတိုက်၏ ဦးစီးပဓါန နာယက (အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တသုမန မထေရ်မြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က  ရှစ်ပါးသီလခံယူ ဆောက်တည်ကာ ဆရာတော် သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္စျာယ်ချီးမြှင့် တော်မူသော မေတ္တသုတ် ပရိတ်တရားတော်မြတ်ကို နာယူကြည်ညိုကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ပင့်ဆရာတော်ကြီးများကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးခင်မောင်ကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ ၂၀၁၉ ခုနှစ် မော်လမြိုင်စာဖြေဌာနမှ စမ္မာစရိယနှင့် ပထမပြန်စာမေးပွဲတွင် ဝင်ရောက် ဖြေဆို အောင်မြင်တော်မူခဲ့တော် စာအောင်သံဃာတော်များနှင့် သီလရှင်များကို ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ တရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့် တာဝန်ရှိသူများက အောင်လက်မှတ်နှင့် စာအောင်ဆုများကို ဆက်ကပ်လှူဒါန်းပြီး ပြည်နယ်သံဃ နာယကအဖွဲ့(ဥက္ကဋ္ဌ) မော်လမြိုင်မြို့ အဘယသုတာရာမကျောင်းတိုက်၏ ဦးစီးပဓာန နာယက ဆရာတော် (မဟာသဒ္ဓမ္မဇောတိကဓဇ၊ ဂန္ထဝါစကပဏ္ဍိတ) ဘဒ္ဒန္တသာသနထံမှ အနုမောဒနာတရား နာယူကြည်ညိုကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

ယင်းနောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပရာ ပင့်သံဃာဆရာတော်ကြီး(၁၀)ပါး၊ စာအောင် သံဃာတော် (၈၁၆)ပါး၊ စာအောင်သီလရှင်(၅၃)ပါး စုစုပေါင်း(၈၇၉)ပါးတို့အား ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များက စေတနာသဒ္ဒါတရား ထက်သန်စွာဖြင့် လောင်းလှူခဲ့ကြောင်း သိရသည်။

ဝေလင်း(ပြန်/ဆက်)