သံဖြူဇရပ် ဖေဖော်ဝါရီ ၂၄
မော်လမြိုင်ခရိုင်၊ သံဖြူဇရပ် မြို့နယ်တွင် ပြည်သူပူးပေါင်းပါဝင်သည့် မြို့နယ်စီမံကိန်း ရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် သံဖြူဇရပ်မြို့ မွန်ဓမ္မာရုံခန်းမ၌ ကျင်းပသည်။ ဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဒေါက်တာ သိန်းထွဋ်က အဖွင့်အမှာစကား ပြောကြားပြီး UNDP မှ မြို့နယ်တာဝန်ခံ ဒေါ်နှင်းနုရည်က ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာနှစ်အတွင်း UNDP မှ ပူးပေါင်းဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအကြောင်းကို ရှင်းလင်း ဆွေးနွေးသည်။
ဆက်လက်၍ သထုံခရိုင် ပေါင်မြို့နယ်တာဝန်ခံ ဦးဝင်းဇော်ထွန်းက ဦးဆောင်၍ ယခင်နှစ်က ဆောင်ရွက်သည့် ရလာဒ်များအပေါ် ကဏ္ဍအလိုက် ဆွေးနွေးပြီး၊ စီမံကိန်းနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ UNDP မှ ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းကဏ္ဍကြီး (၆) ရပ်၏ လုပ်ဆောင်ချက်နှင့် လိုအပ်ချက်များကို တက်ရောက်လာသည့် ကိုယ်စားလှယ်များမှ အဖွဲ့အလိုက် ဆွေးနွေးကြသည်။ ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲသို့ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများ၊ တိုင်းရင်းသား အစုအဖွဲ့များ၊ အမျိုးသမီး ဆယ်အိမ်စုမှူးများ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများ စုစုပေါင်း အင်အား (၁၂၀) ဦးခန့် တက်ရောက်ကာ ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၅ ရက်ထိ နှစ်ရက်ကြာ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
အေးအေးသီ(သံဖြူဇရပ်)