မယ်စဲ့ ဇန်နဝါရီ ၈
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးအတွက် လွှတ်တော် ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့က ကျောက်စု ကျေးရွာ၊ နမ်ပိန်းလင်ကျေးရွာနှင့် မယ်ဆည်နမ်ကျေးရွာတို့၌ ကျင်းပခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလင်းလင်းက လွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများသည် မြေပြင်တွင် ကွဲလွဲမှုများရှိသည့်အတွက် တိကျမှန်ကန်စွာ ဆောင်ရွက်ဖို့လိုအပ်ကြောင်း၊ လူထုကရွေးချယ်သည့် လုပ်ငန်းများသည် ကျေးရွာအတွက် အမှန်တစ်ကယ် လိုအပ်သည့် လုပ်ငန်းများ ဖြစ်စေလိုကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များရုံး ဖွင့်လှစ်ပြီးသည့်အတွက် လိုအပ်သည့်အကြောင်းအရာများရှိပါက လာရောက်ဆွေးနွေးတင်ပြနိုင်ကြောင်း ပြောကြားသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းပန်ဖက လွှတ်တော်ရန်ပုံငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေရေး ဆောင်ရွက်ကြရန်၊ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လူထုဆန္ဒနှင့်အညီ ရွေးချယ်ထားသည့် ကော်မတီဝင်များက ကြီးကြပ်၍ လူထုအတွက် အလုပ်လုပ် စေလိုကြောင်း အကြံပြုဆွေးနွေးပြီး လွှတ်တော်ရန်ပုံငွေ ရည်ရွယ်ချက်ကို ထပ်မံရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်အေးခန့်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဌာနများအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးပြီးနောက် လူငယ်များ၏ အခန်းကဏ္ဍဖွံ့ဖြိုးရေးအတွက် ကျေးရွာလူငယ်များကို ပိုက်ကျော်ခြင်း၊ ဘော်လီဘော နှင့် ဘောလုံးတို့ကို ပေးအပ်လှူဒါန်းခြင်းနှင့် ပြည်ထောင်စုလွှတ်တော်ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် လုပ်ငန်းဆောင်ရွက်မည့် နေရာများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဝတ်ရည် (ပြန်/ဆက်)