(၆၈) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် တိုက်ကွမ်ဒိုပြိုင်ပွဲနှင့် စစ်တုရင်ပြိုင်ပွဲ စတင်ကျင်းပ

လွိုင်ကော် ဇန်နဝါရီ ၉

(၆၈) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် တိုက်ကွမ်ဒိုပြိုင်ပွဲနှင့် စစ်တုရင်ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီမှစ၍ လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်ရှိ အားကစားရုံသစ်(၂)နှင့် ပြည်နယ်မီးသတ်ဦးစီးဌာနရုံး ခန်းမတို့၌ ကျင်းပသည်။

တိုက်ကွမ်ဒိုပြိုင်ပွဲကို လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်ရှိ အားကစားရုံသစ်(၂)၌ ကျင်းပရာ ကကွက်ပြိုင်ပွဲတွင် တစ်ဦးချင်း၊ နှစ်ဦးချင်း၊ သုံးဦးချင်း စသော ပြိုင်ပွဲဝင် ကစားသမား ၂၀၀ ကျော်၊ အတိုက်ပြိုင်ပွဲတွင် ကစားသမား ၆၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ကြပြီး စစ်တုရင်ပြိုင်ပွဲကို ပြည်နယ်မီးသတ်ဦးစီးဌာနရုံး ခန်းမ၌ ကျင်းပရာ အကြီးတန်းပြိုင်ပွဲတွင် ကစားသမား ၁၀ ဦး၊ လူသစ်တန်းပြိုင်ပွဲတွင် ကစားသမား ၈ ဦး၊ လူငယ် တန်းပြိုင်ပွဲတွင် အမျိုးသား ၃၀ ဦး၊ အမျိုးသမီး ၁၀ ဦး ဝင်ရောက် ယှဉ်ပြိုင်ကြသည်။

(၆၈) နှစ်မြောက် ကယားပြည်နယ်နေ့ပွဲတော်ကို ဇန်နဝါရီ ၁၀ ရက်မှ ၁၉ ရက်ထိ စည်းကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ရာ အားကစားပြိုင်ပွဲများနှင့် ရိုးရာပြိုင်ပွဲများအဖြစ် ဘော်လီဘော၊ ကရာတေး၊ တိုက်ကွမ်ဒို၊ ရိုးရာလက်ဝှေ့၊ ချောတိုင်တက်၊ စစ်တုရင်၊ ဂေါက်သီး၊ ရိုးရာနဘမ်း၊ စပါးထောင်း၊ ရိုးရာဗုံပုလွေ၊ ရိုးရာ ဆန်ပြုတ်ချက်နှင့် ရိုးရာခြင်းလုံးပြိုင်ပွဲများကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ရီရယ်(ဒီးမော့ဆို)