(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနား လွိုင်ကော်မြို့တွင် ကျင်းပ

လွိုင်ကော် ဖေဖော်ဝါရီ ၁၂

၂၀၂၅ ခုနှစ်၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အလံတင်အခမ်းအနားကို ယနေ့နံနက်(၅း၃၀)အချိန်က လွိုင်ကော်မြို့ ကန္ဒာဟေဝန်ပန်းခြံ ကျောက်သားရင်ပြင်၌ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တိုင်းရင်းသားပြည်သူများ တက်ရောက်ကြပြီး အလံတင်တပ်ဖွဲ့မှ နိုင်ငံတော်အလံအား တိုင်ထိပ်သို့လွှင့်ထူသည်။ ထို့နောက် တက်ရောက်လာကြသူများက နိုင်ငံတော်အလံအား အလေးပြုကြပြီး ကျဆုံးလေပြီးသော ရဲဘော်အပေါင်းအား အလေးပြုခဲ့ကြသည်။

ယင်းနောက် နံနက်(၇)နာရီတွင် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအားအလေးပြုခြင်း၊ ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းအား အလေးပြုခြင်းများဆောင်ရွက်ခဲ့ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မမင်း‌အောင်လှိုင်ထံမှပေးပို့သည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာအား ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်က ဖတ်ကြားသည်။

ဆုချီးမြှင့်အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကျင်းပပြုလုပ်သည့် ဆောင်းပါးပြိုင်ပွဲတွင် ဆုရရှိသည့် ဆရာ ၊ ဆရာမများ ၊ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့်စာစီစာကုံး၊ ကဗျာနှင့်ပိုစတာပြိုင်ပွဲများတွင် ဆုရရှိကြသည့် ကျောင်းသား ၊ ကျောင်းသူများကို ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ဆုရ ဆရာ ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံတိုင်းရင်းသားများနှင့် ရပ်ကွက်နေပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်စကားပြောကြားခဲ့ပြီး စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)