လွိုင်ကော် ဖေဖော်ဝါရီ ၂၈
ကယားပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်အတွင်း လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လုံခြုံရေးကဏ္ဍမှ စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ပေးလျက်ရှိသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား စားသောက်ဖွယ် ပစ္စည်းများ ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် “လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်နယ်အတွင်း လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ရာတွင် မိမိတို့၏အသက်ကို ပဓာနမထားဘဲ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့်အတွက် လေးစားဂုဏ်ပြု ပါကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေနှင့် မိမိတို့၏ မူလလုပ်ငန်းတာဝန်များသာမက ပြည်သူများနှင့်အတူ လက်တွဲ၍ ပြည်နယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင်လည်း အင်တိုက်အားတိုက် ကူညီဆောင်ရွက်ကြစေလိုကြောင်း” စသည်ဖြင့် ပြောကြားသည်။
ထို့နောက် ဒေသကွပ်ကဲရေးမှူးက လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ နှင့်စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်များ၊ ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ၊ ဒေသကွပ်ကဲရေးမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက နယ်မြေခံတပ်နယ်ရှိ တပ်ရင်းတပ်ဖွဲ့များမှ အရာရှိစစ်သည်များ၊ ခရိုင်ရဲတပ်ဖွဲ့နှင့် ပြည်နယ်အကူရဲတပ်ဖွဲ့ခွဲမှ ရဲတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးရဲတပ်ဖွဲ့ခွဲများမှ ရဲတပ်ဖွဲ့ဝင်များအား အာဟာရဖြည့် စားသောက်ဖွယ်ရာများကို ဂုဏ်ပြုချီးမြှင့်ပေးအပ်ရာ ကိုယ်စားလှယ်အသီးသီးက လက်ခံရယူခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အခမ်းအနားသို့ တက်ရောက်လာသည့် နယ်မြေခံတပ်ရင်း တပ်ဖွဲ့များမှ အရာရှိစစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)