ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

လွိုင်ကော် မတ် ၁၂

ကယားပြည်နယ်လွိုင်ကော်မြို့၌ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ World Consumer Right Day အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်က စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးခန်းမ၌ ကျင်းခဲ့ရာ ပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရ အဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးစိန်ဦးနှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ် စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးက ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် “ကမ္ဘာပေါ်ရှိ လူသားအားလုံးဟာ စားသုံးသူများဖြစ်ပြီး စားသုံးသူအားလုံးသည်လည်း စားသုံးသူအခွင့်အရေးကို ပြည့်ပြည့်ဝဝရရှိခံစားရမည်ဖြစ်ကြောင်း၊ စားသုံးသူများ၏ အကျိုးစီးပွားကို ပိုမိုအာရုံ စိုက်မိလာဖို့နှင့် စားသုံးသူများ၏အခွင့်အရေးကို လိုက်နာအကောင်အထည်ဖော်နိုင်စေရန်အတွက် ရည်ရွယ်ပြီး မတ်လ (၁၅) ရက်နေ့မှာ ကျရောက်မည့် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ (World Consumer Right Day) အထိမ်းအမှတ် အခမ်းအနားများကို ယနေ့ကဲ့သို့ ကမ္ဘာတစ်ဝှမ်းမှာ နှစ်စဉ်ကျင်းပခဲ့ကြောင်း၊ ယခုနှစ် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့၏ ဆောင်ပုဒ်မှာ လူနေမှုဘဝ အစဉ်တည်တံ့ဖို့ မျှတအသွင်ကူးပြောင်းစို့ (A Just Transition To Substainable Lifestyles) ပဲဖြစ်ကြောင်း၊ စားသုံးသူများသည် ကမ္ဘာ့အင်အားအကြီးဆုံး အုပ်စုတစ်ခု ဖြစ်ပြီး နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိကကျသောအားကောင်းသော လူသားအရင်းအမြစ်များ ဖြစ်ပါကြောင်း၊ စားသုံးသူအခွင့်အရေးနှင့် အဓိကသက်ဆိုင်မှုရှိသော SDG ပန်းတိုင်များ၏ ရည်မှန်းချက်များ ပြည့်မီအောင်မြင်စေရန် စားသုံးသူအခွင့်အရေးများကို အားကောင်းစေပြီး လူနေမှုဘဝ အစဉ်တည်တံ့နိုင်ရေးအတွက် အစိုးရ၊ လုပ်ငန်းရှင်များနှင့် စားသုံးသူများ ပူးပေါင်း၍ မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရစ်စေပဲ မျှတအသွင်ကူးပြောင်းနိုင်ရေး အမျိုးသားရေး အသိစိတ်ဓါတ်ဖြင့် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးကြဖို့ တိုက်တွန်းကြောင်း” စသည်ဖြင့် ပြောကြားသည်။

ထို့နောက် စားသုံးသူကာကွယ်ရေးဆိုင်ရာ Video Clip ကို ပြသခဲ့ပြီး စားသုံးသူရေးရာ ကော်မတီအတွင်းရေးမှူး ခေတ္တပြည်နယ်ဦးစီးမှူး ဦးမိုးညွန့်ဦးက စားသုံးသူကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ကိုတွတ်(ပြန်/ဆက်)