အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ရာဂီမုန်တိုင်းဒဏ်ကြောင့် သီးနှံများပျက်စီးခဲ့သည့် ကယားပြည်နယ်ရှိတောင်သူများအတွက် သွင်းအားစုများပေးအပ်

လွိုင်ကော် မတ် ၂၁

ကယားပြည်နယ်အတွင်းရှိ ရာဂီမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မိုးသီးနှံစိုက်တောင်သူများအား နွေစပါးပြန်လည် စိုက်ပျိုးနိုင်ရေးအတွက် သွင်းအားစုများ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တောင်သူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်မှ ရာဂီမုန်တိုင်းကြောင့် တောင်သူများ၏ ပျက်စီးဆုံးရှုံးမှုများအတွက် ပြန်လည်အစားထိုးစိုက်ပျိုးနိုင်ရန် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း၊ ပြည်နယ်အတွင်း သီးနှံစိုက်စွမ်းအား တိုးတက်စေရန်၊ ပန်းတိုင်အထွက်နှုန်းရရှိစေရန် စနစ်တကျစိုက်ပျိုးနိုင်ရေးအတွက် တောင်သူများအနေဖြင့် သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်ပေါင်းစပ်၍ ကြိုးစားဆောင်ရွက်သွားစေလိုကြောင်း၊ တောင်သူများအနေဖြင့်လည်း မိမိတို့၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်လာစေရေး ဘက်ပေါင်းစုံ၊ နည်းလမ်းပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း စသည်ဖြင့်ပြောကြားခဲ့သည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းလှိုင်က သီးနှံစိုက်စွမ်းအား တိုးတက်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရေး လိုက်နာဆောင်ရွက်ရမည့်နည်းလမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က နွေစပါးစိုက်ပျိုးမည့် လွိုင်ကော်မြို့နယ်၊ မှုံပြာကျေးရွာ၊ ဒီးမော့ဆိုမြို့နယ်၊ ဆင်တောင်ကျေးရွာမှ တောင်သူများအားလည်းကောင်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များက လွိုင်ကော်မြို့နယ် သတ္တပလူ၊ ရေနီကန်၊ ဒေါပေါ်ကလဲကျေးရွာနှင့် ဒီးမော့ဆိုမြို့နယ် ဘုရားဖြူနှင့် အိုကေကျေးရွာတို့မှ တောင်သူများအားလည်းကောင်း သွင်းအားစုများပေးအပ်ရာ သက်ဆိုင်ရာကျေးရွာများမှ တောင်သူများကလက်ခံရယူပြီး တောင်သူများ ကိုယ်စားတောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အခမ်းအနားသို့တက်ရောက်လာသည့် တောင်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြားခဲ့သည်။

ယနေ့အခမ်းအနားတွင် နွေစပါးစိုက်ပျိုးမည့် တောင်သူများအတွက် နွေစပါးမျိုးစေ့၊ ရီးယားမြေဩဇာနှင့် ရွက်ဖျန်းမြေဩဇာ စုစုပေါင်းတန်ဖိုးငွေကျပ် (၁၀၇.၂၄၂) သန်းကိုပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)