ဒီးမော့ဆို ဖေဖော်ဝါရီ ၂၂
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ ငွေတောင်ဆည်၊ ထီးပွင့်ကန်၊ ကန်ခုနှစ်ဆင့်၊ ပန်ပက်ကျေးရွာ စသော အထင်ကရနေရာများတွင် နေ့စဉ်နှင့်အမျှ ပြည်တွင်း/ပြည်ပမှ ခရီးသွားပြည်သူများ လာရောက်လည်ပတ်လျက်ရှိသည့်အပြင် ပြည်နယ်အတွင်း ထင်ရှားလှသော ဒီးမော့ဆိုမြို့မဈေးသို့ နိုင်ငံခြားသားခရီးသွားများ လာရောက်လည်ပတ်မှု များပြားလျက်ရှိကြောင်း သိရသည်။
“ဒီနေ့ကတော့ ဘယ်လ်ဂျီယံနိုင်ငံမှ လာရောက်လည်ပတ်သော နိုင်ငံခြားသားခရီးသွား ၁၂ ယောက်ကို လာပို့တာ၊ သူ့တို့က ဒေသခံတို့ရဲ့ နေထိုင်မှုပုံစံ၊ ရိုးရာဓလေ့များကို အဓိက လေ့လာတာ များပြီး ဒီးမော့ဆိုဈေးမှာ ဒေသခံများရဲ့ ဒေသထွက် ပစ္စည်းတွေ၊ ရိုးရာအစားအစာတွေ၊ ရိုးရာ အသုံး အဆောင်တွေကို သဘာဝကျကျ လေ့လာနိုင်တဲ့အတွက် နိုင်ငံခြားသားတွေ ပိုပြီး စိတ်ဝင်စားတယ်၊ ဈေးမှာ လေ့လာပြီးရင် ပန်ပက်ကျေးရွာကို ဆက်သွားမယ်” ဟု 9G ခရီးသွား ဝန်ဆောင်မှုလုပ်ငန်းမှ လုပ်ကိုင်သူ ကိုရစ်ချက်က ပြောကြားသည်။
ဒီးမော့ဆိုမြို့မဈေးသည် အပတ်စဉ် တနင်္လာနေ့၊ ဗုဒ္ဓဟူးနေ့နှင့် စနေနေ့တို့တွင် ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ဒေသထွက်ကုန်များ၊ ရိုးရာအစားအသောက်များ၊ အသုံးအဆောင်များ၊ ရိုးရာခေါင်ရည်များကိုလည်း ရောင်းချလျက်ရှိကာ ဒီးမော့ဆို ညဈေး (မီးခွက်ဈေး)သည် နာမည်ကြီးလှသော ဈေးတစ်ခု ဖြစ်သည်။
ရီရယ်(ဒီးမော့ဆို)