လွိုင်ကော် မတ် ၂၄
ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းစီစဉ်မှုဖြင့် အားကစားနှင့်ကာယပညာဦးစီးဌာနက ဖွင့်လှစ်ခဲ့သည့် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲကို ယမန်နေ့နံနက်က ပြည်နယ်ကရာတေးအားကစားရုံ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် “ယခုသင်တန်းကို နွေရာသီကျောင်းပိတ်ရက်ကာလများတွင် လူငယ်များ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရန်နှင့် အသိပညာဗဟုသုတတိုးပွားစေရန်၊ တိုင်းပြည်နှင့်လူမျိုးကို တန်ဖိုးထားချစ်ခင်တတ်သည့်စိတ်များ ဖြစ်ပေါ်လာစေရန်ဟူသောရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ လူငယ်နှင့်အားကစားသည် ခွဲခြား၍မရသည့်အရာဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ပြည်နယ်အတွင်း အားကစားလှုပ်ရှားမှု ပိုမိုအသက်ဝင်လာစေရန် ကျောင်းအားကစားပြိုင်ပွဲများနှင့် ပြည်နယ်အဆင့် အားကစားပြိုင်ပွဲများကို ကျင်းပပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းဆင်းလူငယ်မောင်မယ်များသည် ယခုအခြေခံအားကစားသင်တန်းအဆင့်တွင် ကျေနပ်မနေဘဲ မိမိဝါသနာပါသည့် အားကစားနည်းအလိုက် စနစ်တကျပိုမိုလေ့လာလိုက်စား၍ နိုင်ငံတော်က အားကိုးအားထားပြုရသော ပြည်နယ်ဂုဏ်ဆောင်အားကစားသမားများဖြစ်ရန် ကြိုးပမ်းဆောင်ရွက်သွားကြပါဟု တိုက်တွန်းပြောကြားလိုကြောင်း” စသည်ဖြင့် ပြောကြားခဲ့သည်။
ထို့နောက် သင်တန်းဆင်းလက်မှတ်များကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များကပေးအပ်ရာ သင်တန်းသားသင်တန်းသူကိုယ်စားလှယ်အသီးသီးက လက်ခံရယူခဲ့ကြသည်။
ဆက်လက်၍ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း သင်တန်းသား၊ သင်တန်းသူများက အေရိုးဗစ်အက၊ တိုက်ကွမ်ဒိုသင်တန်းသားသင်တန်းသူများ၏ Basic Movement ၊ ပြည်နယ်လက်ရွေးစင်မလူစီယာ၏ ပြိုင်ပွဲဝင်ကကွက်နှင့် Three In One ကကွက် ဘောလုံးအားကစားနည်းသရုပ်ပြခြင်း၊ ဂျူဒိုသင်တန်းသားသင်တန်းသူများ၏ သရုပ်ပြဖျော်ဖြေခြင်း၊ လွိုင်ကော်ပညာရေး ဒီဂရီကောလိပ် သင်တန်းသားသင်တန်းသူများက Fitness Dance အကများဖြင့် သရုပ်ပြဖျော်ဖြေခဲ့ကြသည်။
ဆက်လက်၍ အားကစားနည်းများအလိုက် ဖျော်ဖြေခဲ့သည့် အဖွဲ့များအား ပြည်နယ်ဝန်ကြီးချုပ်နှင့်လူမှုရေးရာဝန်ကြီးတို့က ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ရာ အဖွဲ့ကိုယ်စားလှယ်အသီးသီးက လက်ခံရယူခဲ့ကြသည်။
ထို့နောက် အကြမ်းဖက်သောင်းကျန်းသူများ၏ အဖျက်လုပ်ရပ်များကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၏ Gym အားကစားခန်းမနှင့် အားကစားလေ့ကျင့်ရေး ပစ္စည်းများအား ပြန်လည်ပြုပြင်ဖြည့်ဆည်းပေးခဲ့ပြီးဖြစ်ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခန်းမအတွင်း လိုက်လံကြည့်ရှုကာလိုအပ်ချက်များအား တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ အဆိုပါ နွေရာသီအခြေခံအားကစားသင်တန်း၌ အားကစားနည်း(၁၀)နည်းဖြင့် သင်တန်းသား၊ သင်တန်းသူ(၅၀၀)ဦးတို့အား အခြေခံအားကစားနည်းစနစ်များ စနစ်တကျလေ့ကျင့်သင်ကြားပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)