မော်လမြိုင် မတ် ၂၅
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် အနာဂတ်တေလူဂူလူမှုကူညီရေးအသင်းမှ ကြီးမှူးကျင်းပသည့် တေလူဂူလူမျိုးတို့၏ နှစ်ကူးအကြိုညစာစားပွဲအခမ်းအနားကို မတ်လ ၂၃ ရက်နေ့ ညနေပိုင်းက မော်လမြိုင်မြို့ ဟုန်စံစီခန်းမ၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက တေလူဂူလူမျိုးများ၏ (အူဂါးဒီး) နှစ်သစ်ကူးအထိမ်းအမှတ် မင်္ဂလာဆီမီးတိုင်အား မင်္ဂလာဆီမီးဂါထာရွတ်ဆို၍ ထွန်းညှိပူဇော်၍ ဂါယတြီမန္တာန် (၃) ကြိမ်ရွတ်ဆိုကာ အခမ်းအနားအား စတင်ဖွင့်လှစ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က တေလူဂူလူမျိုးများဟာဆိုရင်ဖြင့် Telegana (တလင်္ဂဏ) တိုင်းသားများ ဖြစ်ကြပြီး ရှေးဘုရားရှင်လက်ထက်တော်ကတည်းကစ ရာမညတိုင်းသားများနှင့် ယဉ်ကျေးမှုနှင့် ကုန်သွယ်ရေးဆိုင်ရာ ဆက်သွယ်မှုများ ရှိခဲ့ကြောင်း၊ တေလူဂူလူမျိုးများသည်လည်း မြန်မာ့မြေပေါ်တွင် ညီရင်းအစ်ကို စိတ်ထားဖြင့် အေးအတူပူအမျှ အတူတကွယှည်တွဲနေထိုင်လာခဲ့သည်မှာ ယခုထက်တိုင်ဖြစ်ကြောင်း၊ မွန်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တေလူဂူမိသားစုဝင်များအားလုံး ညီညီညွတ်ညွတ် တက်ညီလက်ညီ တစ်ပေါင်းတစ်စည်းတည်း နှစ်သစ်ကူးညစာစားပွဲကို ပျော်ရွှင်စွာဆင်နွှဲနေသည်ကို ကြည့်ခြင်းအားဖြင့် မွန်ပြည်နယ်အတွက်လည်း များစွာဂုဏ်ယူမိကြောင်း၊ တေလူဂူနှစ်သစ်ကူးကို ယူဂါးဒီး Ugadi ဟုလည်းခေါ်ဆိုကြပြီး မြန်မာပြက္ခဒိန်အရ နှစ်စဉ်နှစ်တိုင်း တန်ခူးလဆန်း (၁) ရက်နေ့ရောက်တိုင်း တေလူဂူလူမျိုးများသည် နှစ်သစ်ကူးနေ့အခမ်းအနားကို ကျင်းပလေ့ရှိကြကြောင်း၊ နှစ်သစ်မှစ၍ ပျော်ရွှင်ခြင်း၊ ကျန်းမာခြင်း၊ ချမ်းသာခြင်း၊ ငြိမ်းချမ်းခြင်း၊ နွေးထွေးခြင်း၊ ညီညွတ်ခြင်း အစရှိသော လောကပါလတရားများ ထွန်းကားပြီး ကောင်းကျိုးချမ်းသာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တေလူဂူသမီးငယ်လေးများမှ တေလူဂူရိုးရာ ဆီမီးခွက်အကအလှဖြင့် ဖျော်ဖြေတင်ဆက်နေမှုများကို ကြည့်ရှုအားပေးပြီး အမှတ်တရဂုဏ်ပြုခြုံပုဝါနှင့် မင်္ဂလာပန်းကုံးများ ဆင်မြန်းခဲ့ကြကြောင်း သိရှိရသည်။
စည်သူ (ပြန်/ဆက်)