နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေး

နေပြည်တော် မတ် ၂၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်း ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ်၊ ဇလောင်းကျေးရွာ၊ ရွှေဟင်္သာဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ ခရိုင်/မြို့နယ်များမှဌာန ဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက ပြည်သူ့စစ်မှုထမ်းဥပဒေ၊ ပြည်သူ့စစ်မှုထမ်း နည်းဥပဒေများအား ချပြရှင်းလင်းခြင်း၊ လူမှုကွန်ယက်မီဒီယာများနှင့် တရားမဝင် သတင်းဌာနများက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းမှားများကို အယုံလွယ် လမ်းမှားမရောက်ရှိစေရေး ဆွေးနွေးပြောကြားခြင်း၊ နိုင်ငံသားအားလုံး နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဖြင့် အမျိုးသားစစ်မှုထမ်း စနစ်တွင် ပါဝင်ထမ်းဆောင်ကြရန်နှင့် အားပေးကူညီပံ့ပိုးပေးကြပါရန် ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသူများက သိလိုသည်များကို အသီးသီးဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးက တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြန်လည် ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင်သည် ရွှေဟင်္သာကျောင်းတိုက်ဆရာတော် အရှင်ဇာဂရအား ဖူးမြော်ကြည်ညို၍ နဝကမ္မအလှူငွေနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့‌‌ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)