ကသာ မတ် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ENGLISH GRAMMAR/SPEAKING သင်တန်းကို ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က အခမဲ့ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။
အဆိုပါ သင်တန်းဖွင့်ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်စွာထွန်းက ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်းသားသမီးများအား နွေရာသီကာလအတွင်း အချိန်ကို အကျိုးရှိစွာအသုံးချပြီး အင်္ဂလိပ်စာစွမ်းရည်တိုးတက်စေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ENGLISH GRAMMAR/SPEAKING သင်တန်းကို ဖွင့်လှစ်ပေးရ ခြင်းဖြစ်ကြောင်း၊ သားငယ်၊ သမီးငယ်များအနေဖြင့် သေချာကြိုးစားသင်ယူကြစေလိုကြောင်းတို့ကိုပြောကြား၍ သင်တန်းပို့ချနေမှုကို ကြည့်ရှုအားပေးခဲ့သည်။
ယခုဖွင့်လှစ်သော ENGLISH GRAMMAR/SPEAKING သင်တန်းကို မတ်လ (၂၄) ရက်နေ့မှ ဧပြီလ (၂၃) ရက်နေ့အထိ ဖွင့်လှစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး နေ့စဉ်မွန်းလွဲ (၂) နာရီမှ (၃) နာရီအချိန်ထိ သင်ကြားပို့ချသွားမည်ဖြစ်သည်။ ENGLISH GRAMMAR/SPEAKING သင်တန်းတွင် မူလတန်းအဆင့်၊ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၄၃) ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
ကျော်စွာထွန်း (ကသာ)