ဇမ္ဗူသီရိ မတ် ၂၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နီလာစိုးက ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များအနေဖြင့် ဘက်စုံထူးချွန်သော လူရည်ချွန်၊ လူရည်မွန်များဖြစ်လာစေရန်နှင့် နောင်တစ်ချိန်တွင် နိုင်ငံတော်ကအားထားရသည့် လူကောင်းလူတော်များဖြစ်လာစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့သည်။
ထို့နောက် ဟောပြောပွဲအပြီးတွင် စာမှတ်စွမ်းရည်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ၂၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား ဦးစီးအရာရှိ ဒေါ်နီလာစိုးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ထို့နောက် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် လူငယ်ရေးရာ အသိပညာပေးနံရံကပ်စာစောင်များ၊ လူငယ်ရေးရာနှင့်သက်ဆိုင်သည့် စာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
တင့်ဖူးခိုင်(ပြန်/ဆက်)