ကန့်ဘလူ မတ် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် အမျိုးသမီးငယ်များ လက်မှုပညာရပ်များ တတ်မြောက်စေရန်၊ တစ်နိုင်တစ်ပိုင်မှသည် စီးပွားဖြစ်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကန့်ဘလူခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့မွန်း ၁ နာရီခွဲက သိုးမွှေးချည်ထိုးနည်းသင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က လက်မှုပညာရပ်တစ်ခုဖြစ်သည့် သိုးမွှေးချည်ထိုးသင်တန်းသို့ တက်ရောက်လာကြသော သင်တန်းသူများအနေဖြင့် သင်တန်းတွင်ပို့ချသည့် ပညာရပ်များကို အမှန်တကယ် ကျွမ်းကျင်တတ်မြောက်အောင်သင်ယူကာ လူမှုစီးပွားတိုးတက်အောင် ဆောင်ရွက်ကြရန်နှင့်သင်တန်း စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ သင်တန်းနည်းပြဆရာမ ဒေါ်အေးအေးဆန်းက သင်တန်းတွင်သင်ကြားပို့ချပေးမည့် ဘာသာရပ်များနှင့်စပ်လျဥ်း၍ ရှင်းလင်းပြောကြားသည်။ အဆိုပါသင်တန်းသို့ သင်တန်းသူ ၃၀ ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ မတ် ၂၄ ရက်မှ ဧပြီ ၂ ရက်ထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)