နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တပ်ကုန်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် မတ် ၂၆

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် တပ်ကုန်းမြို့နယ်၊ ညောင်လွန့်ကျေးရွာရှိ တောင်သူ ဦးမောင်သင်၏ ပေါင်းစည်းလယ်ယာစိုက်ပျိုးထုတ်လုပ်မှုနှင့် မွေးမြူရေးခြံသို့ သွားရောက်၍ ခြံအတွင်း နို့စားနွား ၃၅ ကောင်၊ ဒေသနွား ၂၂ ကောင်၊ ဆိတ် ၆၅ ကောင်၊ ငါး၊ ဒေသကြက်၊နှင့် ဘဲများမွေးမြူထားရှိမှု၊ နွေစပါးစိုက်ပျိုးထားရှိမှုများနှင့် သဘာဝမြေဩဇာပြုလုပ်သုံးစွဲနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

ကြည့်ရှုအားပေးစဉ် တာဝန်ရှိသူများက ပေါင်းစည်းလယ်ယာ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ယခုလို ပေါင်းစည်းလယ်ယာဆောင်ရွက်မှုကို တိုးတက်အောက်မြင်အောင် ဆောင်ရွက်ရန်နှင့် တောင်သူများ လိုက်ပါဆောင်ရွက်ရေးအတွက် တောင်သူများကို လာရောက်လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးစေလိုကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေလုပ်ငန်းများကို နည်းစနစ်တကျ စိုက်ပျိုးမွေးမြူပြီး ရည်မှန်းချက်ပန်းတိုင် အထွက်နှုန်းထွက်ရှိအောင် ဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် မြန်မာ့ရိုးရာ နှစ်သစ်ကူးမဟာ အတာသင်္ကြန်ပွဲတော် တပ်ကုန်းမြို့နယ် ဗဟိုသင်္ကြန်မဏ္ဍပ်တည်ဆောက်မည့်နေရာအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တပ်ကုန်းမြို့နယ်၊ အောင်ဆန်းခန်းမ၌ အစိုးရဓမ္မာစရိယစာမေးပွဲစာဖြေဌာနသို့ သွားရောက်၍ အစိုးရဓမ္မာစရိယစာမေးပွဲကြီးကြပ်ရေး ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညိုကာ နဝကမ္မအလှူငွေကျပ်နှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တပ်ကုန်းမြို့နယ်၊ အနော်ရထာအုပ်စုကွင်းအမှတ် ၁၄၁၄ အတွင်းရှိ ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် လယ်မြေများတွင် ပြန်လည်စိုက်ပျိုးထားသည့် မြေပဲခင်းများနှင့် အောင်မြေရိပ်သာကျေးရွာအနီး ပဲတီစိမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှု သွားရောက်ကြည့်ရှုစစ်ဆေးပြီး တောင်သူများအား စပါးအပါအဝင် စိုက်ပျိုးသီးနှံများကို ပန်းတိုင်အထွက်နှုန်းများထက် စံပြအထွက်နှုန်းများထွက်ရှိရေး၊ အထွက်နှုန်းကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးရေး၊ သွင်းအားစု ဓာတ်မြေဩဇာများအပြင် သဘာဝမြေဩဇာများ ပြုလုပ်ပြီး ထည့်သွင်းအသုံးပြုစေလိုကြောင်း၊ စိုက်ပျိုးရေများကို စနစ်တကျသုံးစွဲရေး၊ သီးထပ်စွမ်းအားများတိုးတက်ရေး၊ သီးထပ်သီးညှပ်စိုက်ပျိုးရေးတိုကို အလေးထားဆောင်ရွက်ကြစေလိုကြောင်း မှာကြားသည်။

ထို့နောက် တောင်သူများက လိုအပ်ချက်များကိုတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)