နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၂၀၂၅ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်ပွဲအခမ်းအနား တက်ရောက်

နေပြည်တော် မတ် ၂၆

၂၀၂၅ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် ဇမ္ဗူသီရိမြို့နယ်ရှိ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အားကစားရုံ၌ ကျင်းပရာ နေပြည်တော် အားကစားနှင့်ကာယပညာကော်မတီနာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်‌တော်ကောင်စီဝင်များ၊ နေပြည်‌တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြ ဆရာ/ဆရာမများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီနာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ကျောင်းသား/ ကျောင်းသူ လူငယ်များ နွေရာသီကျောင်းပိတ်သည့် အားလပ်ရက်များကို အကျိုးရှိစွာအသုံးချနိုင်ရေးအတွက် ကင်းထောက်သင်တန်း၊ ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်စာသင်တန်း၊ ယဉ်ကျေးလိမ္မာသင်တန်း၊ ရှေးဦးပြုစုခြင်းသင်တန်းနှင့် အားကစားသင်တန်းများကို ဖွင့်လှစ်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ အမျိုးသားအားကစားအဆင့်အတန်း မြင့်မားတိုးတက်ရေးလုပ်ငန်းများကို ပြည်သူတစ်ရပ်လုံး လက်တွဲပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မှုရရှိလာနိုင်မှာဖြစ်ကြောင်း၊ ပြည်သူတစ်ရပ်လုံး ကျန်းမာကြံ့ခိုင်ရေး၊ လူငယ်လူရွယ်များ အားကစားကို စိတ်ပါဝင်စားလာစေရေး၊ အမျိုးသားအားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် နိုင်ငံတကာတွင် အောင်မြင်မှုရရှိစေရေးတို့အတွက် ဇွဲ၊ လုံလ၊ ဝီရိယ၊ အားမာန်အပြည့်ရှိပြီး ထူးချွန်ထက်မြက်သည့် အားကစားမျိုးဆက်သစ်လူငယ်များ စဉ်ဆက်မပြတ် ပေါ်ထွက်လာရေးသည် တစ်မျိုးသားလုံး လူထုလှုပ်ရှားမှုအသွင်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ နေပြည်တော်ကောင်စီအနေဖြင့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးကို အထောက်အကူပြုစေရန်အတွက် အားကစားသင်တန်းများဖွင့်လှစ်ပေးခြင်း၊ အားကစားပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပပေးခြင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအားကစားပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်ခြင်းနှင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲများကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နွေရာသီ အခြေခံအားကစားသင်တန်းများကို တက်ရောက်ကြမည့် ကျောင်းသား/ကျောင်းသူများအနေဖြင့် အားကစားနည်းအလိုက် ကြိုးစားလေ့ကျင့်ရန်၊ ထူးချွန်သည့် အားကစားသမားကောင်းများဖြစ်လာအောင် ဇွဲ၊ လုံ့လ၊ ဝီရိယကြီးစွာနှင့် စွမ်းစွမ်းတမံကြိုးစားရန်၊ အားကစားနှင့် နေပြည်တော် ဂုဏ်၊ နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးနိုင်သူများဖြစ်လာအောင် ကြိုးစားသင်ယူလေ့ကျင့်သွားကြပါလို့ တိုက်တွန်းမှာကြားပြီး ၂၀၂၅ ခုနှစ် ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် နွေရာသီအခြေခံအားကစားသင်တန်းကို ဖွင့်လှစ်ပေးသည်။

ထို့နောက် သင်တန်းသား သင်တန်းသူများက အားကစားအဓိဋ္ဌာန်များကို ရွတ်ဆိုကြပြီး မြမ်မာ့သိုင်းအားကစားအဖွဲ့၊ တိုက်ကွမ်ဒိုအားကစားအဖွဲ့နှင့် ရိုးရာခြင်းလုံးအားကစားအဖွဲ့တို့က အားကစားနည်းများအလိုက် သရုပ်ပြကစားကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများက အားကစားသရုပ်ပြအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများနှင့် မြို့နယ်ရှစ်မြို့နယ်အတွက် အားကစားပစ္စည်းများကို ပေးအပ်ရာ သရုပ်ပြအဖွဲ့များနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ၂၀၂၅ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းများကို အားကစားနည်း ၁၈ နည်းအား သင်တန်းသား သင်တန်းသူ ၂၈၁၀ ဦးဖြင့် မတ် ၂၅ ရက်နေ့မှ ဧပြီလ ၈ ရက်နေ့အထိ ဖွင့်လှစ်ပြီး လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)