မုံရွာ မတ် ၂၆
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးမှူးကျင်းပပြုလုပ်သော ဂုဏ်ယူဖွယ်ရာ မြန်မာ့သနပ်ခါးလှုပ်ရှားမှု အခမ်းအနားအလွတ်တန်း စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက မုံရွာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက ပြိုင်ပွဲများကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက် တာဝန်ရှိသူများက ပြိုင်ပွဲစည်းကမ်းချက်များအား ရှင်းလင်းပြောကြားကာ အလွတ်တန်းစာစီစာကုံးပြိုင်ပွဲကို မိမိတို့နှစ်သက်ရာ ခေါင်းစဥ်များဖြင် စိတ်ပါဝင်စားစွာဖြေဆိုကြရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ အလွတ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာများနှင့် စိတ်ပါဝင်စားသူ ၇၃ ဦး ပါဝင်ယှဥ်ပြိုင်ဖြေဆိုခဲ့ကြပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသူများအား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သော ဂုဏ်ယူဖွယ်ရာ မြန်မာ့သနပ်ခါးလှုပ်ရှားမှု အခမ်းအနားတွင် ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ဂုဏ်ယူဖွယ်ရာ မြန်မာ့သနပ်ခါးလှုပ်ရှားမှု အခမ်းအနားအဆင့်မြင့် ပညာအဆင့်စာစီစာကုံးပြိုင်ပွဲကို မုံရွာတက္ကသိုလ်တွင်လည်းကောင်း၊ ဂုဏ်ယူဖွယ်ရာ မြန်မာ့သနပ်ခါးလှုပ်ရှားမှုအခမ်းအနား အခြေခံပညာအဆင့် စာစီစာကုံးပြိုင်ပွဲကို အခြေခံပညာကျောင်းများတွင်လည်းကောင်း အသီးသီးပြိုင်ပွဲများ ကျင်းပပြုုလုပ်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)