လွိုင်ကော် မတ် ၂၆
ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ အခြေခံပညာကျောင်းသား ကျောင်းသူများအတွက် နွေရာသီသင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပညာရေးဌာန တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများနှင့် နွေရာသီသင်တန်းများသို့ တက်ရောက်ကြမည့် ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုဖွင့်လှစ်သည့် သင်တန်းများကို ကျောင်းသား ကျောင်းသူများ နွေရာသီကျောင်း အားလပ်ရပ်တွင် အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရန်၊ အသိပညာဗဟုသုတတိုးပွားလာရန်နှင့် မိမိအသက်အရွယ်နှင့်ကိုက်ညီသော ဝါသနာပါသည့် သင်တန်းကို တက်ရောက်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများ ကလည်း ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်လူရွယ်များအဖြစ် မိမိအကျိုး၊ မိမိပြည်နယ်နှင့် နိုင်ငံတော်အကျိုးအတွက် အထောက်အကူပြုရန်ဆိုသည့် စိတ်ထားများဖြင့် အကောင်းဆုံး ကြိုးစားကြစေလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က နွေရာသီသင်တန်းများအတွက် ချီးမြှင့်ငွေနှင့် လွိုင်ကော်ပညာရေးဒီဂရီကောလိပ်အတွက် ဘင်ခရာတူရိယာပစ္စည်းများကိုလည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း အတွက် ဘင်ခရာတူရိယာပစ္စည်းများကိုလည်းကောင်း၊ စီးပွားရေးရာဝန်ကြီးက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းအတွက် ဘင်ခရာ တူရိယာပစ္စည်းများကိုလည်းကောင်းပေးအပ်ရာ တာဝန်ရှိသူအသီးသီးက လက်ခံရယူကြသည်။
ဆက်လက်၍ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဘင်ခရာအဖွဲ့က သီချင်းများဖြင့် တီးမှုတ်ဖျော်ဖြေခဲ့ပြီး အဆိုပါအဖွဲ့အား ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က တက်ရောက်လာသည့် ကျောင်းသားကျောင်းသူသင်တန်းသားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့သည်။
ယခုသင်တန်းအား ကျောင်းသား ကျောင်းသူ သင်တန်းသား(၄၆၁)ဦးဖြင့် အင်္ဂလိပ်စာ Grammar ၊ ကွန်ပျူတာအခြေခံ၊ ပန်းချီအခြေခံ၊ ကဗျာလွတ်အကနှင့် ဘင်ခရာသင်တန်းစသည့် သင်တန်း(၅)မျိုးကို (၃၇)ရက်ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)