နှစ်(၈၀)ပြည့်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တပ်ကုန်းမြို့နယ် သရက်ပင်ကျေးရွာ “လင်းရောင်ခြည်”စာကြည့်တိုက်အဆောက်အဦသစ် ဖွင့်ပွဲကျင်းပ

တပ်ကုန်း မတ် ၂၇

နှစ်(၈၀)ပြည့်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် တဲမြင့်ကျေးရွာအုပ်စု၊ သရက်ပင်ကျေးရွာ “လင်းရောင်ခြည်” စာကြည့်တိုက်အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ စာကြည့်တိုက်ရှေ့၌ ကျင်းပခဲ့ရာ နေပြည်တော်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်း ဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ကောင်စီဝင်များ​ဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုး၊ ဦးဇေယျာလင်း၊ ဦးမြင့်စိုး၊ ဦးမင်းဦး၊ ဦးဟန်သူ၊ နေပြည်တော်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ ဥတ္တရခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့်ဒေသခံပြည်သူများ တက်ရောက်ကြကြောင်းသိရသည်။

ဦးစွာ သရက်ပင်ကျေးရွာ “လင်းရောင်ခြည်” စာကြည့်တိုက်အဆောက်အဦသစ်ကို နေပြည်တော် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ကောင်စီဝင် ဦးမြင့်စိုး၊ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ သရက်ပင် ကျေးရွာရပ်မိရပ်ဖ ဦးသိန်းနိုင်တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ပြီးနောက် “လင်းရောင်ခြည်”စာကြည့်တိုက်အတွင်း သုတရသစာအုပ်စာစောင်များထားရှိမှုနှင့် ကျောင်းသား လူငယ်များ စာပေဖတ်ရှုနေမှုများအား ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နိုင်ငံတစ်နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် လူ့အရင်း အမြစ်များကို အခြေခံ၍ စနစ်တကျ ပြုစုပျိုးထောင်ရမည်ဖြစ်ပြီး တာဝန်ရှိသူအားလုံးက လူငယ်၊ လူရွယ်များအား အဓိက ပြုစုပျိုးထောင်ရေးလုပ်ငန်းများကို ဝိုင်းဝန်း လုပ်ဆောင်ပေးကြရမည် ဖြစ်ပါကြောင်း၊ လူငယ်များအပါအဝင် ပြည်သူများ စာဖတ်ကြစေရန်၊ စာပေလေ့လာဖတ်ရှုနိုင် သည့် ပတ်ဝန်းကျင်များ ဖန်တီးပေးရန်၊ မိမိတို့နိုင်ငံ၏ နေထိုင်မှုပုံစံ အနေဖြင့် ကျေးလက်ဒေသ တွင် နေထိုင်သူ ဦးရေမှာ နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်ရှိသည့်အတွက် ယခုလိုကျေးရွာများ အရောက် စာကြည့်တိုက်များ အသစ်ဆောက်လုပ်ခြင်း၊ ရှိနှင့်ပြီးသား ကျေးရွာစာကြည့်တိုက်များ အား ပြန်လည်ပြင်ဆင်ပေးခြင်း၊ စာအုပ်စာစောင်များ ဖြည့်ဆည်းပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးနေခြင်းဖြစ်ပါကြောင်း၊ “နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်း ဆောင်ရွက်မှုကော်မတီ”အနေဖြင့်လည်း ဗဟိုကချမှတ်ထားသည့်လုပ်ငန်းစဉ်(၄)ရပ်ကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ စာပေဖတ်ရှုလေ့လာခြင်းမှ အသိပညာဗဟုသုတ များစွာရရှိနိုင်သဖြင့် ကျေးလက်နေပြည်သူများကလည်း စာအုပ်စာပေကို မြတ်နိုးပြီး တန်ဖိုးထား ဖတ်ရှုကြရန်လိုအပ်ပါကြောင်း၊ စာအုပ်စာပေလေ့လာဖတ်ရှုရာတွင် ဖတ်ရှုရုံသက်သက် မဟုတ်ဘဲ ဖတ်သမျှကို မှတ်သားခြင်း၊ မှတ်သားမိသမျှကိုလည်း ပြန်လည်မျှဝေဆွေးနွေးခြင်းတို့ကို ဆောင် ရွက်ကြရမည်ဖြစ်ပါကြောင်း၊ သို့မှသာ အမှား/အမှန်ကို ဝေဖန်သုံးသပ်နိုင်ကာ အသိပညာဗဟုတ ကြွယ်ဝပြီး နောင်တစ်ချိန်တွင် တိုင်းပြည်က အားကိုးအားထားပြုရမည့် နိုင်ငံ့သားကောင်းများ အဖြစ် ပေါ်ထွန်းလာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ နေပြည်တော်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်တာဝန်ရှိသူများက စာကြည့်တိုက် အတွက် အလှူငွေများ၊ စာအုပ်စာစောင်များ၊ MRTV DTH စလောင်းနှင့် MRTV DVB- T2 Set Top Box တစ်စုံကိုလည်းကောင်း၊ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ရာ တာဝန်ရှိ သူများက လက်ခံရယူကြပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူက “လင်းရောင်ခြည်” စာကြည့်တိုက်အဆောက်အဦသစ် ဆိုင်ရာအချက်အလက်များကို ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းနိုင်ထံ လွှဲပြောင်းပေးအပ်ခဲ့ပြီးနောက် ကျောင်းသားလူငယ်များက ဦးရွှေရိုးအက၊ တေးသရုပ်ဖော်အကအလှတို့ဖြင့် ဧည့်ခံဖျော်ဖြေခဲ့သည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စာကြည့်တိုက်စုစုပေါင်း (၅၈)တိုက် ဆောက်လုပ်ရန် လျာထားလျက်ရှိရာ ယနေ့ဖွင့်လှစ်ခဲ့သည့်စာကြည့်တိုက်အပါဝင် စုစုပေါင်း(၂၆)တိုက် ဖွင့်လှစ်ပြီးစီးခဲ့ပြီးဖြစ်ပြီး သရက်ပင်ကျေးရွာ “လင်းရောင်ခြည်” စာကြည့်တိုက်အဆောက် အဦသစ်မှာ နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသော အထိမ်းအမှတ်အဖြစ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ ဆောက်လုပ်ရန် ကျန်ရှိသည့်စာကြည့်တိုက်များကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဖွင့်လှစ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တင်စိုးလွင်