နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး စဉ်ဆက်ပညာရေးလုပ်ငန်း ဂုဏ်ပြုပွဲအခမ်းအနားတက်ရောက်

နေပြည်တော် မတ် ၂၇

ပညာရေးဝန်ကြီးဌာနနှင့်နေပြည်တော်ကောင်စီတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ်၊ ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဥတ္တရခရိုင်နှင့် ဇေယျာသီရိခရိုင် မြို့နယ်လေးမြို့နယ်စဉ်ဆက် ပညာရေး လုပ်ငန်း ဂုဏ်ပြုပွဲအခမ်းအနားကိုယမန်နေ့နံနက် ၈ နာရီတွင် တပ်ကုန်းမြို့နယ်၊ အောင်ဆန်းခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားသို့ ပြည်ထောင်စုနယ်မြေနေပြည်တော် စဉ်ဆက်ပညာရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ စဉ်ဆက်ပညာရေးလုပ်ငန်း အကောင် အထည်ဖော်ဆောင်ရွက်ရေးဦးစီးကော်မတီ အတွင်းရေးမှူး၊ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ နေပြည်တော်ကောင်စီဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ကျောင်းပြင်ပနှင့် တစ်သက် တာပညာရေးဦးစီးဌာနနှင့် တိုင်း/ခရိုင်/ မြို့နယ်များမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နေပြည်တော် စဉ်ဆက် ပညာရေးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ စေတနာရှင်လုပ်အားပေး နည်းပြ / ကြီးကြပ်များ၊ စာသင်သားများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုနယ်မြေ နေပြည်တော်စဉ်ဆက်ပညာရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် စဉ်ဆက်ပညာရေး လုပ်ငန်းသည် အခြေခံစာတတ်မြောက်ရေး သင်ကြားပြီးခဲ့သူများ၊ ငယ်စဉ်က မူလတန်းပညာ အဆင့်သာ ပြီးဆုံးခဲ့သူများနှင့်မူလတန်းပညာကို တစ်ပိုင်းတစ်စ သင်ယူခဲ့သူများကို ဦးတည်ထားသည့် လုပ်ငန်းစဉ်ဖြစ်ပြီး၊ အသက်အုပ်စုအားဖြင့် ၁၅နှစ်နှင့်အထက် လူငယ်နှင့် သက်ကြီးပိုင်းအရွယ်များကို ဦးတည်ပြီး ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ မြို့နယ် ရှစ် မြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်းများကို ဒေသတွင်းအခြေခံ စာတတ်မြောက်မှုနှုန်းတိုးတက် လာနိုင်ရေးနှင့် လူမှုဘဝမြင့်မားလာစေရန်ရည်ရွယ်ပြီး မြို့နယ်များအလိုက် လျာထားသည့် စာသင်ဝိုင်းတွေမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ စေတနာရှင် လုပ်အားပေး နည်းပြ/ကြီးကြပ်များက စာဖတ်ရှိန်မြှင့်တင်ပေးခြင်းနှင့်အတူ ဝင်ငွေတိုးပွားရေးအတွက် ချိတ်ဆက် ဆောင်ရွက်ပေးခြင်း၊ လူနေမှုဘဝမြင့်မားရေးတို့အတွက် ဘဝသာယာရေးအစီအစဉ်များ ပါဝင်သည့် သင်ခန်းစာများသင်ကြားပေးခြင်း၊ ချိတ်ဆက်ဆောင်ရွက်ပေးခြင်းနှင့် အသိပညာပေးခြင်း အစီအစဉ်များကို တစ်ရက်လျှင် ပျမ်းမျှ သုံးနာရီနှုန်းဖြင့် ရက်ပေါင်း ၆၀၊ အနည်းဆုံးနာရီပေါင်း ၁၈၀ ပြည့်မီအောင် စာသင်သားပြည်သူများကို သင်ကြားပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ စာသင်သား ပြည်သူ များအနေဖြင့် တတ်မြောက်ထားသည့်စာများ မေ့မသွားစေရေးနှင့် အသက်မွေးဝမ်းကျောင်း ရပ်တည်မှု လုပ်ငန်းများကို ဆက်လက်လေ့လာ လုပ်ဆောင်ကြရမှာဖြစ်ကြောင်းပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပြည်ထောင်စုနယ်မြေ နေပြည်တော် မြို့နယ်လေးမြို့နယ် စဉ်ဆက်ပညာရေး လုပ်ငန်းကို ပူးပေါင်းဆောင်ရွက်ခဲ့သည့် နေပြည်တော်ပညာရေးမှူးရုံးနှင့် စေတနာလုပ်အားပေးဆောင်ရွက်ခဲ့ကြသည့်နည်းပြနှင့် ကြီးကြပ်ကိုယ်စားလှယ် နှစ်ဦးတိုအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုလက်မှတ်များပေးအပ်သည်။

ဆက်လက်၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က စဉ်ဆက်ပညာရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့မှု အခြေအနေများနှင့်စပ်လျဉ်၍ အမှာစကားပြောကြားပြီး  နေပြည်တော် မြိုနယ်လေး မြိုနယ် စဉ်ဆက်ပညာရေးလုပ်ငန်းကို ပူးပေါင်းဆောင်ရွက်ခဲ့သည့် နေပြည်တော်ကောင်စီနှင့် စဉ်ဆက်ပညာရေးလုပ်ငန်းတွင် သင်ယူတက်ရောက်ခဲ့သည့် စာသင်သားကိုယ်စားလှယ် နှစ်ဦးတိုကို မှတ်တမ်းတင်ဂုဏ်ပြုလွှာနှင့် သင်ယူပြီးမြောက်ကြောင်း အသိအမှတ်ပြုလက်မှတ်များ ပေးအပ်သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး၊ နေပြည်တော် ကောင်စီဝင်များနှင့်တာဝန်ရှိသူများက မြို့နယ်လေးမြို့နယ်စဉ်ဆက်ပညာရေးလုပ်ငန်းတွင် သင်ကြားပေးခဲ့ကြသည့် မြို့နယ်အလိုက် နည်းပြ/ကြီးကြပ်များ၊ စာသင်သားများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။

အခမ်းအနားအပြီးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တက်ရာက်လာကြသည့် နည်းပြ/ကြီးကြပ်များ၊ စာသင်သားများအား ရင်းရင်နှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)