နေပြည်တော် မတ် ၂၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် နွေရာသီအခြေခံ အင်္ဂလိပ်စာ၊ ကွန်ပျူတာ၊ ယဉ်ကျေးလိမ္မာသင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ကျောင်းဆရာကြီး ဆရာမကြီးများ၊ ဆရာ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နွေရာသီကျောင်းပိတ်ရက်ကာလတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အားလပ်ရက်ကို အကျိုးရှိရှိ အသုံးချနိုင်ရေးအတွက် အကျိုးရှိမည့်သင်တန်းများကို ဖွင့်လှစ်သင်ကြပေးလျက်ရှိကြောင်း၊ ကျောင်းသား/ကျောင်းသူ လူငယ်များကို အသိပညာသစ်များ၊ နည်းပညာသစ်များ၊ တတ်ကျွမ်းမှုများရရှိလာစေရေးနှင့် လက်တွေ့ဘဝတွင် အသုံးချနိုင်ရန် အင်္ဂလိပ်စာအခြေခံကောင်းများရရှိပြီး အင်္ဂလိပ်သဒ္ဒါကို မှန်ကန်စွာအသုံးချတတ်စေရန်အတွက် ကျွန်ပျူတာနှင့် အင်္ဂလိပ်စာသင်တန်းကိုလည်းကောင်း၊ မျိုးဆက်သစ်လူငယ်များ ကိုယ်အမူအရာနှုတ်အမူအရာ နူးညံ့သိမ်မွေ့စေရန်နှင့် စာရိတ္တကောင်းမွန်စေရန်အတွက် ယဉ်ကျေးလိမ္မာသင်တန်းကိုလည်းကောင်း ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းသား/ သင်တန်းသူများအနေဖြင့် သင်တန်းမှ သင်ကြားပေးသည့် ဘာသာရပ်များကို စိတ်ပါဝင်စားစွာ သင်ယူလေ့လာကြပြီး မိမိဘဝတစ်လျှောက်တွင် အသုံးချနိုင်ရေးနှင့် ဗလငါးတန်နှင့် ပြည့်စုံသူများဖြစ်အောင် ကြိုးစားသင်ယူကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော် ကိုယ်ပိုင်ကျောင်းများအသင်းမှ တာဝန်ရှိသူများက ကွန်ပျူတာ၊ အင်္ဂလိပ်စာနှင့် ယဉ်ကျေးလိမ္မာများအတွက် သင်ထောက်ကူစာအုပ်များကို ပေးအပ်လှူဒါန်းရာ ဇမ္ဗူသီရိမြို့နယ် ပညာရေးမှူးက လက်ခံရယူသည်။
ယနေ့ဖွင့်လှစ်သည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် နွေရာသီအခြေခံအင်္ဂလိပ်စာ၊ ကွန်ပျူတာ၊ ယဉ်ကျေးလိမ္မာသင်တန်းများကို မြို့နယ်(၈)မြို့နယ်တွင် မတ် ၂၆ ရက်နေ့မှ ဧပြီလ ၁၁ ရက်နေ့အထိ တစ်ပြိုင်တည်း စာတွေလက်တွေ့ သင်ကြားပို့ချပေးသွားမှာဖြစ်ရာ မြို့နယ်များအလိုက် သတ်မှတ် အခြေခံပညာအထက်တန်းကျောင်းများ၌ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း ၁၆၆၄ ဦးတို့ တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)