အင်အားပြင်းမြေငလျင် လှုပ်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ပြည်သူများအား ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပ

ရွှေဘို ဧပြီ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ် စီမံအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မန္တလေးအင်အားပြင်းမြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် သာသနာ့အဆောက်အဦးများ၊ လူနေအိမ်များနှင့် သေဆုံး၊ ဒဏ်ရာရဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ဧပြီလ ၁၀ ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌ကျော်နိုင်က မြေငလျင်ဘေးသင့်ပြည်သူများနှင့်စပ်လျဥ်း၍ ပျက်စီးဆုံးရှုံးမှုများအတွက် စိတ်မကောင်းဖြစ်မိကြောင်း၊ နိုင်ငံတော်မှဘေးအန္တရာယ်ဆိုင်ရာ သတိပေးချက်များအားလိုက်နာပြီး ကြိုတင်ပြင်ဆင်ထားရှိဖို့လိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးအရာရှိ၊ ဒေါ်ချောစုက သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးသွားသည့် ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ရွှေဘိုမြို့တွင် (၂၈.၃.၂၀၂၅) ရက်နေ့ (၁၂:၅၁) မိနစ်အချိန်က ရစ်ချစ်တာစကေး(၇.၇)အဆင့်ရှိ အင်အားပြင်းမြေငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ(၃)ဦး၊ ဒဏ်ရာရသူ(၁၉)ဦး၊ တစ်စိတ်တစ်ပိုင်းပျက်စီးမှု ဘာသာရေးကျောင်း (၂၅)ကျောင်း၊ လူနေအိမ်(၅)လုံး၊ လူဦးရေ(၁၇)ဦးတို့အတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဘေးသင့်ပြည်များကိုယ်စား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သို့ ထောက်ပံ့ငွေကျပ် (၄၁၈၅၀၀၀)အား ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)