မုံရွာ ဧပြီ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကန့်ဘလူခရိုင်၊ ကောလင်းခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း လူမှုစီးပွားဘဝများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ သဘာဝအရင်းအမြစ်များ၊ လူသားအရင်းအမြစ်များအား အခြေခံလျက် နိုင်ငံတော်နှင့်ပုဂ္ဂလိကဘဏ္ဍာအရင်းအမြစ်များဖြင့်ပေါင်းစပ်ကာ ထွန်းအားပေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများအနေဖြင့်လည်း နိုင်ငံပိုင်အခန်း ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့်ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများအား အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီပြိးစီးအောင် ကြပ်မတ်ဆောင်ရွက်သွားကြရန်နှင့် ကဏ္ဍနှင့်ဒေသအလိုက်လျာထားသည့် ဂျီဒီပီတိုးတက်မှုနှင့် ရည်မှန်းချက်များအား ပြည့်မီကျော်လွန်အောင် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး စီမံကိန်းဦးစီးဌာနရုံးမှ ညွှန်ကြားရေးမှူး ဦးဝင်းလိူင်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့်ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က လယ်ယာကဏ္ဍကြီး စီမံကိန်းတာဝန်အား တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများကိုယ်စား တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးထံသို့လည်းကောင်း၊ စက်မှုကဏ္ဍကြီး စီမံကိန်းတာဝန်အား တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများကိုယ်စား တိုင်းဒေသကြီး လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဒုတိယတိုင်းဒေသကြီး ဦးစီးမှူးထံသို့လည်းကောင်း၊ ဝန်ဆောင်မှုကဏ္ဍကြီး စီမံကိန်းတာဝန်အား တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများကိုယ်စား မြန်မာ့စီးပွားရေးဘဏ်၊ တိုင်းဒေသကြီး မန်နေဂျာထံသို့လည်းကောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကဏ္ဍကြီး စီမံကိန်းတာဝန်အား တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများကိုယ်စား တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးထံသို့လည်းကောင်း၊ သက်ဆိုင်ရာခရိုင်များ၏ ဒေသန္တရစီမံကိန်းတာဝန်များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများကိုယ်စား မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌထံသို့လည်းကောင်း အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)