လွိုင်ကော် ဧပြီ ၁၂
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်နယ်ဘိုးဘွားရိပ်သာတွင် အဘိုးအဘွားများ နေထိုင်စားသောက်မှုပိုမိုအဆင်ပြေစေရေးအတွက် ဧပြီ (၁၀) ရက်နေ့နံနက်က ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်ဘိုးဘွားရိပ်သာကြီးကြပ်မှုကော်မတီ တာဝန်ရှိသူများနှင့်အတူ ပြည်နယ်ဘိုးသွားရိပ်သာ အဘိုးများအိပ်ဆောင်၌ အဘိုးတစ်ဦးချင်းထံသို့ဆေးဝါး၊ အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများအား လက်ဝယ်အရောက်ပေးအပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ အဘွားများအိပ်ဆောင်သို့သွားရောက်ကာ အဘွားတစ်ဦးချင်းထံ ဆေးဝါး၊ အာဟာရဖြည့် စားသောက်ဖွယ်ရာနှင့် အသုံးအဆောင်ပစ္စည်းများအား လက်ဝယ်အရောက်ပေးအပ်လှူဒါန်းပြီး အားပေးစကားများပြောကြားခဲ့သည်။ ပြည်နယ်ဝန်ကြီးချုပ်က အဘိုးအဘွားများအတွက်လိုအပ်သည့် ကျန်းမာရေးကုသစောင့်ရှောက်မှုများ မပြတ်ဆောင်ရွက်ပေးရန်၊ နေ့စဉ်နေထိုင်စားသောက်မှု အဆင်ပြေစေရေး၊ လျှပ်စစ်မီးနှင့်သန့်ရှင်းသောရေရရှိစေရေးစနစ်တကျစီမံပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အဘိုးအဘွားများအတွက် ကျန်းမာရေးနှင့်ညီညွတ်သည့် အာဟာရပြည့်အစားအစာများ ချက်ပြုတ်ကျွေးမွေးနိုင်ရန် အလှူငွေများပေးအပ်ရာ ပြည်နယ်ဘိုးသွားရိပ်သာကြီးကြပ်မှုကော်မတီ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။
လွိုင်ကော်မြို့၊ ပြည်နယ်ဘိုးဘွားရိပ်သာကို ၂၀၀၄ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ပထမအဆင့် ဘိုးဘွားရိပ်သာအဖြစ် အသိအမှတ်ပြုခြင်းခံရ၍ ၂၀၀၆−၂၀၀၇ ခုနှစ်မှစတင်ကာ ပထမအဆင့်ထောက်ပံ့မှုကိုရရှိခဲ့သည်။ လက်ရှိတွင် ပြည်နယ်ဘိုးဘွားရိပ်သာ၌ အဘိုး ၅ ဦး၊ အဘွား ၁၅ ဦးတို့အား ပြုစုစောင့်ရှောက်ပေးလျက်ရှိရာ ပြည်နယ်အစိုးရအဖွဲ့က အမြဲမပြတ် စောင့်ရှောက်လှူဒါန်းပေးလျက်ရှိနေပြီး စေတနာရှင်၊ အလှူရှင်များကလည်း လာရောက် လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)