နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ပျဉ်းမနားမြို့နယ်အတွင်းရှိ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့်နေရာများအား  ကွင်းဆင်းကြည့်ရှု၊ စေတနာရှင် ကူညီကယ်ဆယ်ရေးအဖွဲ့များအား ရေသန့်ဘူးနှင့် စားသောက်ဖွယ်ရာများပေးအပ်

နေပြည်တော် ဧပြီ ၁၂

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ယမန်နေ့မွန်းလွဲပိုင်းက တာဝန်ရှိသူများနှင့်အတူ မတ်လ ၂၈ ရက်ကလှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးကြောင့် ပျဉ်းမနားမြို့နယ်အတွင်းရှိ ထိခိုက်ပျက်စီးခဲ့သည့် နေရာများအား ကွင်းဆင်းကြည့်ရှုသည်။

ကွင်းဆင်းကြည့်ရှုရာတွင် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့်တာဝန်ရှိသူများသည် ပျဉ်းမနားမြို့နယ်အတွင်းရှိ စက်ရုံဘုန်းတော်ကြီးကျောင်း၊ ဇေယျသိန်ဘုန်းတော်ကြီးကျောင်းနှင့် ငွေတောင်ဘုန်းတော်ကြီးကျောင်းသို့ ‌သွားရောက်ပြီး ဆရာတော်ကြီးများအား ဖူးမျှော်ကြည်ညိုကာ နဝကမ္မအလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် စာသင်တိုက်အတွင်း စေတနာရှင် ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် တပ်မတော်သားများက ကူညီဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး ဆောက်လုပ်ရေးလုပ်ငန်းသုံး ဦးထုပ်များ၊ ရေသန့်ဘူးများ၊ ဆန်အိတ်နှင့် စားသောက်ဖွယ်ရာများကို ပေးအပ်သည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ပျဉ်းမနားမြို့ မင်္ဂလာဗျူဟာ သာသနာ့ဗိမာန်သို့ရောက်ရှိပြီး မန္တလေးငလျင်ကြီးကြောင့်ထိခိုက်ခဲ့သည့် ငလျင်ဘေးသင့်ပြည်သူများအတွက် နိုင်ငံတကာနှင့်ပြည်တွင်းမှလှူဒါန်းသည့် ပစ္စည်းများရောက်ရှိနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက  ပစ္စည်းများစနစ်တကျထားရှိရန်၊ အလေအလွင့်မရှိစေရန်နှင့် အချိန်မီဖြန့်ဝေပေးနိုင်ရေး အလေးထား ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။

အောင်သူရဦး (ပြန်/ဆက်)