နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးလယ်ဝေးမြို့နယ်အတွင်းရှိ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့်ဘုရားစေတီများနှင့် ဘုန်းတော်ကြီးကျောင်းများအား ကွင်းဆင်းကြည့်ရှု၍ လှူဖွယ်ပစ္စည်းနှင့် နဝကမ္မအလှူငွေများ လှူဒါန်း

လယ်ဝေး ဧပြီ ၁၃

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ယမန်နေ့မွန်းလွဲပိုင်းက တာဝန်ရှိသူများနှင့်အတူ မတ်လ ၂၈ ရက်ကလှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးကြောင့် လယ်ဝေးမြို့နယ်အတွင်းရှိ ထိခိုက်ပျက်စီးခဲ့သည့် ဘုရားစေတီများနှင့် ဘုန်းတော်ကြီးကျောင်းများအား ကွင်းဆင်းကြည့်ရှုသည်။

ရှေးဦးစွာနေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများသည် ရွှေပြည်အေးရွာ၊ အောင်ချမ်းသာဘုန်းတော်ကြီးကျောင်းသို့သွားရောက်ပြီး ဆရာတော်အား ဖူးမျှော်ကြည်ညိုကာ နဝကမ္မအလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် ပြိုကျပျက်စီးသွားသည့် ဘုန်းတော်ကြီးကျောင်းနှစ်ထပ်‌ဆောင်အား တပ်မတော်သားများက ကူညီဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး ရေသန့်ဘူးနှင့်စားသောက်ဖွယ်ရာများကို ပေးအပ်သည်။ ဆက်လက်၍ နေပြည်တော်ကောင်စီဝင်သည် ရွှေပြည်အေးကျေးရွာရှိ ငလျင်ဒဏ်ကြောင့် ညီအစ်မကောင်းမှုစေတီတော်ပြိုကျပျက်စီးမှုများအား ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ကြောင်ရေကျေးရွာ နိဂြောဓာရုံကျောင်းနှင့် ဗောဓိကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ကာ ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ရေသန့်နှင့်မုန့်များ၊ နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းပြီး ဘုန်းတော်ကြီးကျောင်းနှင့် ဓမ္မာရုံအပျက်အစီးများအား သန့်ရှင်းရေးဆောင်ရွက်နေသည့် တပ်မတော်သားများအား ရေသန့်နှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် လယ်ဝေးမြို့နယ်၊ မှန်တောကျေးရွာအနီး ကွင်းအမှတ် ၁၈၁၁၊ ရန်-မန်းလမ်းဟောင်း၊ အထက်ဘက်တွင် နွေစပါးဧက ၅၀၀ စိုက်ပျိုးနေမှုနှင့် ရန်-မန်းလမ်းဟောင်း၊ အောက်ဘက်တွင် နွေစပါးဧက ၁၀၀ စိုက်ပျိုးရန်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးကာ ရာသီအမီအခက်အခဲမရှိစိုက်ပျိုးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝေကြည်(ပြန် /ဆက်)