နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တပ်ကုန်းမြို့နယ်အတွင်းရှိ လက်ပန်ကျေးရွာနှင့် မြောက်မြိုက်ကျေးရွာများမှ ငလျင်ဘေးသင့်ပြည်သူများအား ဆန်နှင့်စားသောက်ဖွယ်ရာများပေးအပ်

နေပြည်တော် ဧပြီ ၁၆

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ငလျင်ဘေးကြောင့်ထိခိုက်ပျက်စီးခဲ့သည့် တပ်ကုန်းမြို့နယ်၊ လက်ပန်ကျေးရွာသို့သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်အားဖူးမျှော်ကြည်ညိုကာ နဝကမ္မဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ငလျင်ဘေးသင့် ပြည်သူများနှင့်တွေ့ဆုံပြီး အားပေးစကားပြောကြားရာ၌ အဆောက်အဦများ ပြန်လည်တည်ဆောက်ရာတွင် ငလျင်ဘေးဒဏ်ခံနိုင်အောင် ပြန်လည်တည်ဆောက်ကြစေလိုကြောင်း၊ နိုင်ငံတော်အနေဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် လိုအပ်သည်များကိုလည်း ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း အချက်များနှင့်အညီ စိုက်ပျိုးသွားရန်နှင့် ပန်းတိုင်အထွက်နှုန်းရရှိအောင် ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း၊ မွေးမြူရေးနှင့်အသားစားသုံးမှုကဏ္ဍကိုလည်း ပိုမိုဖွံဖြိုးတိုးတက်အောင် ကြိုးစားဆောင်ရွက်သွားရန်နှင့် ဒေသတစ်ခုထုတ်ကုန်တစ်ခု ထုတ်လုပ်နိုင်ရေးဆောင်ရွက်သွားကြရန်လိုကြောင်း၊ ကျေးရွာချင်းဆက်လမ်းများအား ဒေသခံပြည်သူများအနေဖြင့် လမ်းများပိုမိုကောင်းမွန်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားပြီး ငလျင်ဘေးသင့်ပြည်သူများအတွက် ဆန်နှင့်စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ ​​​နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်တာဝန်ရှိသူများသည် ငလျင်ဘေးကြောင့်ထိခိုက်ခဲ့သည့် မြောက်မြိုက်(အရှေ့)ကျေးရွာသို့ သွားရောက်ပြီး ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ဒေသခံပြည်သူများအားတွေ့ဆုံ၍ အားပေးစကားပြောကြားပြီး ငလျင်ဘေးသင့်ပြည်သူများအတွက် ဆန်နှင့်စားသောက်ဖွယ်ရာများပေးအပ်ခဲ့ကာ ငလျင်ဘေးကြောင့်ထိခိုက်ပျက်စီးခဲ့သည့်နေရာများနှင့် ငလျင်ဘေးသင့်ပြည်သူများ နေထိုင်နိုင်ရေး ယာယီတဲဆောက်လုပ်ပြီးစီးမှုအား ကြည့်ရှုခဲ့ကြောင်း သိရသည်။

အောင်ကို (ပြန်/ဆက်)