ချောင်းဆုံမြို့နယ်၌ မဟာသင်္ကြန်အတက်နေ့ ဧည့်သည်ခေါ်ဘုရားပွဲတော်နှင့် စတုဒိသာကျွေးမွေးခြင်းများ ပြုလုပ်

ချောင်းဆုံ ဧပြီ ၁၆

မွန်ပြည်နယ်၊ (ဘီလူးကျွန်း)ချောင်းဆုံမြို့နယ်၌ ဧည့်သည်ခေါ်ဘုရားပွဲတော်များကို ရှေးနှစ်ပေါင်းများစွာကတည်းက နှစ်စဉ်ကျင်းပခဲ့ရာ  ဧပြီလ(၁၆)ရက်နေ့ သင်္ကြန်အတက်နေ့တွင် ကရင်ဝင်းစိန်ကျေးရွာ တောင်ပေါ်ကြီးဧည့်သည်ခေါ် ဘုရားပွဲတော်နှင့်စတုဒီသာကျွေးမွေး ခြင်းများကိုအစဉ်အလာမပျက် ယဉ်ကျေးမှုနှင့်အညီကျင်းပခဲ့ရာ အေးချမ်းစွာသင်္ကြန်ရေ ကစားကြသူများဖြင့် စည်ကားလျက်ရှိသည်။  

အဆိုပါ ဧည့်သည်ခေါ်ဘုရားပွဲတော်များကို မဟာသင်္ကြန်ကာလ၌ သင်္ကြန်အကြိုနေ့ မုရစ်ကြီးကျေးရွာဘုရားပွဲ၊ သင်္ကြန်အကျနေ့တွင် နတ်မှော်ကျေးရွာဘုရားပွဲ၊ သင်္ကြန်အကြတ်နေ့တွင် ရွှေမြင့်မိုရ်တောင်ဘုရားပွဲ၊  သင်္ကြန်အတက်နေ့တွင် ကရင်ဝင်းစိန်ကျေးရွာ(တောင်ပေါ်ကြီး)ဘုရားပွဲနှင့်  နှစ်ဆန်းတစ်ရက်နေ့ (သက္ကော၊ဘိုးနက်)ကျေးရွာ ကျိုက်သုတ်ဘုရားပွဲတော်များကို အစဉ်အလာများအတိုင်း ယဉ်ကျေးမှုနှင့်အညီနှစ်စဉ်ကျင်းပခဲ့ရာ လူသိများထင်ရှားသည့်ပွဲတော်အဖြင့် နှစ်စဉ်လာရောက်လည်ပတ် ဆင်နွှဲသူများဖြင့် စည်ကားကြောင်း သိရသည်။

တောင်ပေါ်ကြီးဧည့်သည်ခေါ်ဘုရားပွဲ လာရောက်သူများနှင့် သင်္ကြန်ရေကစားကြသူများအား ကရင်ဝင်းစိန်ကျေးရွာရှိ နေအိမ်အများစုတွင် ထမင်း၊ ဟင်း၊ မုန့်နှင့် အချိုရည်အအေးများ  ဧည်ခံကျွေးမွေးခဲ့ကြပြီး  တကူကနာကျေးရွာ မရမ်းကျောင်းဘုန်းတော်ကြီးကျောင်းနှင့် ကျေးရွာများတွင်လည်း စတုဒိသာမဏ္ဍာပ်များဖြင့် ဧည့်ခံကျွေးမွေးလျက်ရှိကြောင်း မြို့နယ်အတွင်း ရေကစားကြသူများ၊ သနပ်ခါးလိမ်းခြယ်သူများနှင့် ရေပက်ခံထွက်ကြသူများဖြင့် အေးချမ်းစွာ အေးသင်္ကြန်ပွဲတော်ကို ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

ကိုကျော်(ချောင်းဆုံ)