ဒုံဝန်းကျေးရွာ၌ မဟာသင်္ကြန်ကာလ နှစ်ကူးအထူးတရားပွဲ ကျင်းပပြုလုပ်

သထုံ ဧပြီ ၁၆

မွန်ပြည်နယ်၊ သထုံမြို့နယ် ဒုံဝန်းကျေးရွာ ညောင်ပင်သာကျောင်းတိုက်ရှိ အောင်ချမ်းသာဘုရားရင်ပြင်တော်‌ပေါ်တွင် မဟာသင်္ကြန်ကာလ နှစ်ကူးအထူးတရားပွဲကို ယမန်နေ့(မဟာသင်္ကြန်အကျနေ့) ညမှစတင်ကာ ညောင်ပင်သာ ကျောင်းဂေါပကအဖွဲ့မှ ကြီးမှူး၍ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒုံဝန်းကျေးရွာအတွင်း နှစ်ကူးကာလ၌ ဗုဒ္ဓဘာသာသာဝင်တို့၏ ဓလေ့ထုံးတမ်းနှင့်အညီ ကုသိုလ်တရားများဖြင့် ထုံမွှမ်းပြီး မင်္ဂလာရှိစွာဖြင့် နှစ်သစ်ကိုစတင်သည့်အနေဖြင့် တရားသဘင်ကို စုပေါင်းကျင်းပရခြင်းဖြစ်ကြောင်း ညောင်ပင်သာကျောင်းတိုက် ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောသည်။

မဟာသင်္ကြန်ကာလနှစ်ကူး အထူးတရားပွဲကို သင်္ကြန်အကျနေ့မှ အတက်နေ့အထိ ညစဉ် ကျင်းပပြုလုပ်ခဲ့ပြီး အကျနေ့ညတွင် ဒုံဝန်းကျေးရွာ ရတနာဇေယျုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တရေဝတ၊ အကြတ်နေ့ညတွင် သထုံမြို့ လယ်ဝန်ကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တစန္တိမာ၊ အတက်နေ့ညတွင် ဒုံဝန်းကျေးရွာ ညောင်ပင်သာကျောင်းတိုက် အောင်ချမ်းသာဆရာတော် ဘဒ္ဒန္တစန္ဒာဝရ အရှင်သူမြတ်တို့က ဓမ္မဒေသနာတရားတော်များကို ဟောကြားချီးမြှင့်ပေးတော်မူခဲ့ကြရာ ဓမ္မမိတ်ဆွေများက စိတ်အေးချမ်းစွာဖြင့် တရားတော်များကို နာယူခဲ့ကြပြီး ဓမ္မပူဇာနှင့် လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။

ဒုံဝန်းကျေးရွာတွင် ဗုဒ္ဓဘာသာဝင် ပအိုဝ်းတိုင်းရင်းသားလူမျိုးအများစုနေထိုင်ကြပြီး နှစ်စဥ် မြန်မာနှစ်သစ်ကူး မဟာသင်္ကြန်ကာလများ၌ ဘုရားစေတီများ၌ ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများ ဆက်ကပ်ခြင်း၊ သံဃာတော်အရှင်သူမြတ်များနှင့် ဘိုးဘွားမိဘများအား ပူဇော်ကန်တော့ခြင်း၊ ဥပုသ်သီလများ ခံယူဆောက်တည်ခြင်း၊ တရားဘာဝနာများ ကျင့်ကြံအားထုတ်ခြင်း၊ စတုဒီသာအဟာရများ ကျွေးမွေးလှူဒါန်းခြင်း အစရှိသည့် ကုသိုလ်ကောင်းမှုများကို စိတ်အေးချမ်းစွာဖြင့် ပြုလုပ်လေ့ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)