မြန်မာနှစ်ဆန်းတစ်ရက်နေ့၌ လွိုင်ကော်မြို့ မိုးကောင်းဘုရားကြီး ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်း၊ ရေသပ္ပါယ်ပူဇော်ြခင်း မင်္ဂလာအခမ်းအနားနှင့် ဇီဝိတဒါနငါးလွှတ်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

လွိုင်ကော်      ဧပြီ     ၁၇

၁၃၈၇ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် နှစ်စဉ်ကျင်းပလျက်ရှိသည့် လွိုင်ကော်မြို့ မိုးကောင်းဘုရားကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်းနှင့် ရေသပ္ပါယ်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက မိုးကောင်းဘုရားကြီးဂန္ဓကုဋိတိုက်၌ ကျင်းပရာ ဆရာတော် သံဃာတော်များ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ကြသည်။     

ရှေးဦးစွာ ယနေ့ နံနက် ၅ နာရီ ၃၀ မိနစ်တွင် မိုးကောင်းဘုရားကြီးဂန္ဓကုဋိတိုက်၌ ပြည်နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း ဆရာတော် အမှူးပြုသည့် ဆရာတော် သံဃာတော်များက မိုးကောင်းမဟာမုနိရုပ်ပွားတော်မြတ်အား ဗုဒ္ဓါဘိသေက အနေကဇာ တင်လှူပူဇော်ကြသည်။

အခမ်းအနားအား ဆက်လက်ကျင်းပရာ ဆရာတော် သံဃာတော်များနှင့် ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိသတ်အပေါင်းက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအားဖွင့်လှစ်ပြီး ပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာစက္က ထံမှ ကိုးပါးသီလခံယူ ဆောက်တည်ကြသည်။ ထို့နောက် ဆရာတော်သံဃာတော်များက အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ပွားပူဇော်ကြသည်။

ဆက်လက်၍ ဆရာတော် သံဃာတော်များအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြပြီး ပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ဆရာတော်ထံမှ အနုမောဒနာတရား နာယူကြည်ညို၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။ ဆရာတော် သံဃာတော်များနှင့် ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိသတ်များက ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

ထို့နောက် မိုးကောင်းမဟာမုနိရုပ်ပွားတော်မြတ်နှင့် ဘုရားကြီးပရိဝုဏ်အတွင်း စေတီတော်ရှိ ဂြိုဟ်ပြေနံပြေ ရုပ်ပွားတော်များအား ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက ကုသိုလ်ပြု ရေသပ္ပါယ်ပူဇော်ခဲ့ကြသည်။

ယနေ့နံနက် ၉ နာရီက ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ဇီဝိတဒါန ငါးလွှတ်ပွဲ အခမ်းအနားကို လွိုင်ကော်မြို့၊ နောင်ယားကန်သာတွင် ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဝတ်အသင်းများနှင့် ပြည်သူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ဗဟိုမဏ္ဍပ်၌ လည်းကောင်း၊ နယ်မြေခံတပ်နယ်တပ်ရင်းတပ်ဖွဲ့ မိသားစုဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများက ဗဟိုမဏ္ဍပ်၏ လက်ယာဘက်မှကန်ပတ်လည် တစ်လျှောက်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများက ဗဟိုမဏ္ဍပ်၏ လက်ဝဲဘက်နေရာအသီးသီးမှ ကန်အတွင်းသို့ ဇီဝိတဒါန အဖြစ် ငါးလွှတ်ပေးခဲ့ကြသည်။

ယနေ့ ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ဇီဝိတဒါနငါးလွှတ်ပွဲတွင် ငါးကြင်းရွှေဝါနှင့် ငါးမြစ်ချင်း ငါးကောင်ရေ တစ်သိန်းအား နောင်ယားကန်သာအတွင်းသို့ ကုသိုလ်ပြု လွှတ်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)