မော်လမြိုင် ဧပြီ ၁၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ၂၀၂၅ ခုနှစ်၊ ယမန်နေ့တွင် ကျရောက်သည့် မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း အကျဉ်းထောင်/အချုပ်ထောင်/ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား/ သူများအနက် မွန်ပြည်နယ်အတွင်းရှိ အကျဉ်း/ အချုပ်ထောင်စခန်း (၁၀) ခု မှ အကျဥ်းသား၊ သူ (၅၁၃) ဦးတို့အား ရာဇဝတ်ကျင့်ထုံး ပုဒ်မ-၄၀၁၊ ပုဒ်မခွဲ (၁) အရ စည်းကမ်းချက်ဖြင့် ၎င်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအား လျော့ပေါ့၍ တာဝန်ရှိသူတို့က ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
ထို့သို့လွတ်ပေးရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် ကျိုက်မရောဗဟိုထောင်မှ (၉၇) ဦး၊ မော်လမြိုင်အချုပ်ထောင်မှ (၂၁၀) ဦး၊ သထုံအကျဉ်းထောင်မှ (၄၃) ဦး၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင် (အမျိုးသား) ကုန်ထုတ်စခန်းမှ အကျဉ်းသား (၄၆) ဦး၊ မုပ္ပလင် (အမျိုးသမီး) ကုန်ထုတ်စခန်းမှ အကျဉ်းသူ (၅၁) ဦး အင်္ဂဘိုရာဘာစိုက်ပျိုးရေးစခန်း (ရွှေဖြူ) မှ အကျဉ်းသား (၁၃) ဦး တောင်စွန်းစခန်းမှ (၂၃၀) ဦး၊ ရင်ငြိမ်စခန်းမှ (၁၀) ဦး၊ အင်ဗြောင်စခန်းမှ (၉) ဦး၊ ဇင်းကျိုက်စခန်းမှ (၄) ဦး စုစုပေါင်း အကျဉ်းသား၊ သူ (၅၁၃) ဦးတို့အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရစည်းကမ်းသတ်မှတ်ချက်များဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ခြင်းဖြစ်သည်။
အဆိုပါပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ဖြင့်လွတ်ပေးရာ၌ ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား/သူ (၅၁၃) ဦးတို့အား အကျဉ်း/အချုပ်ထောင် တာဝန်ခံအရာရှိနှင့် တာဝန်ရှိသူများက ဆုံးမစကားများပြောကြား၍ ထောင်လွတ်လက်မှတ်နှင့်အတူ စားစရိတ်၊ ခရီးစရိတ်နှင့် လုပ်အားရှင်ခံစားခွင့်များပေး၍ လွှတ်ပေးခဲ့ကြကြောင်း သိရသည်။
စည်သူ (ပြန်/ဆက်)