ခန္တီးမြို့၌ (ပထမ)အကြိမ် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

ခန္တီး ဩဂုတ် ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီကကြီးမှူး၍ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိ/ဖများ၊ စေတနာရှင် အလှူရှင်များစုပေါင်းကာ (ပထမ) အကြိမ် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ပေါမိုင်းရပ်ကွက်၊ တောင်တန်းသာသနာပြု(ဗဟို) ကျောင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဉီးစွာ အခမ်းအနားအား နမောတဿ (၃) ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ကာ ခန္တီးမြို့နယ် ဩဝါဒါစရိယ၊ မြို့နယ်ဘုန်းတော်ကြီးသင်ပညာရေး သင်ကြားမှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဆင်သေကျေးရွာ၊ မဟာဓမ္မပါလ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ကျောင်းအုပ်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဥတ္တရ ဆရာတော်ထံမှ (၅)ပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္စျာယ်တော်မူသော ပရိတ်တရားတော်များ နာကြားခဲ့ကြသည်။

ဆက်လက်၍ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်ထက်က သာသနာရေးဆိုင်ရာများ လျှောက်ထားတင်ပြခဲ့ပြီး ဆရာတော်အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ယင်းနောက် ခန္တီးမြို့နယ်၊ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်း၊ ပဓာနနာယက ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအုပ် မဟာသဒ္ဓမ္မဇောတိကဓဇ၊ သာသနတက္ကသီလမဟာဓမ္မာစရိယ (M.A Buddhism) ဘဒ္ဒန္တဝိစိတ္တရ ဆရာတော်ထံမှ သာဓုအနုမောဒနာတရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိတ်သတ်များက ဗုဒ္ဓသာသနံစိရံတိဌတု(၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

ထို့နောက် ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ မြို့မိ/ဖများ၊ စေတနာရှင် အလှူရှင်များက သံဃာတော်အရှင်မြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)