သံဖြူဇရပ် ဩဂုတ် ၅
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်း ယမန်နေ့ ညနေ ၆ နာရီအချိန်မှစတင်ကာ မိုးသည်းထန်စွာရွာသွန်းခဲ့ခြင်းကြောင့် ည ၇ နာရီခွဲအချိန်တွင် စက်သစ်ရပ်ကွက် သီရိရတနာလမ်းနှင့် သီတာလမ်းရှိနေအိမ် (၂၀)ခန့်အတွင်းသို့ ရေတစ်ပေခန့်ဝင်ရောက်ခဲ့ခြင်း၊ ည၈နာရီခွဲတွင် ကျောင်းပိုင်း ရပ်ကွက် ပိတောက်မြိုင်လမ်း၊ ဖွားအုန်းစိန်လမ်း၊ ခိုင်သစ္စာလမ်းရှိ နေအိမ်အချို့ အိမ်အတွင်းရေ (၄) ပေခန့် ဝင်ရောက်ခဲ့ခြင်းကြောင့် ကျောင်းပိုင်း ရပ်ကွက်မှ အိမ်ထောင်စု (၂၅)စု လူဦးရေ (၁၁၀) ဦးအား ရပ်ကွက်မူလွန်ကျောင်းသို့ ယာယီပြောင်းရွှေ့ပေးရာ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီဝင်များ၊ ရပ်ကွက်တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များမှကူညီဆောင်ရွက်ပေးသည်။
ထို့ပြင် ည(၁၀)နာရီခန့်တွင် အောင်ဇေယျရပ်ကွက်အတွင်း ခြောက်လမ်းဆုံနှင့် အောင်ဇေယျတိုးချဲ့ရပ်ကွက်တွင်းလမ်း ရေ(၃)ပေခန့်ကျော်ပြီး နေအိမ်အချို့နှင့် အိမ်ဆိုင်အတွင်းရေဝင်ရောက်ခဲ့ခြင်း၊ ဗိုလ်နေဝင်းလမ်းမကြီး မြန်မာ့စီးပွားရေးဘဏ်အရှေ့၊ လမ်းဦးစီးဌာန အရှေ့လမ်းမပေါ်သို့ရေတစ်ပေကျော်တက်ခဲ့သဖြင့် နေအိမ်အချို့ ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည်။
မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းသဖြင့် တောင်ကျရေအရှိန်ကြောင့် ည ၇ နာရီခွဲတွင် သံဖြူဇရပ်-မော်လမြိုင်ကားလမ်း၊ သံဖြူဇရပ်မြို့ ဖောင်စိန်တံတားတွင် တစ်ပေခွဲခန့် ရေကျော်သဖြင့် ယာဉ်သွားလာမှုခေတ္တရပ်ဆိုင်းထားခဲ့ပြီး ပြည်သူနှင့်ယာဉ်အန္တရာယ်မရှိစေရေးအတွက် မီးသတ်ဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ လူမှုရေးအဖွဲ့အစည်းများ၊ တပ်မတော်သားများမှ ကူညီဆောင်ရွက်ပေးကြောင်း သိရသည်။
အေးအေးသီ(ပြန်/ဆက်)