ခန္တီး နိုဝင်ဘာ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ လူငယ်များအတွေးအခေါ်မြင့်မားလာစေရန်၊ စကားပြောစွမ်းရည်ကြွယ်ဝလာစေရန်၊ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးသည့် လူငယ်များဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မြို့မတွင် ယနေ့ နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မြို့မ ကျောင်းအုပ်ဆရာကြီး ဦးရိုဘင်ဇော်ရာက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းအေးခိုင်က လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စကားဝိုင်းအား ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းထိုက်အောင်က ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး Grade-11 မှ မဆုလာဘ်မြင့်မိုက “လူငယ်နှင့်စာဖတ်ခြင်း”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade -11 မှ မောင်စောလှမွန်က “လူငယ်နှင့်ရည်မှန်းချက်”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade - 11 မှ မကျကြွေက “လူငယ်နှင့်နည်းပညာ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade - 11 မှ မောင်ဝမ်းနန်က “လူငယ်နှင့်ကျန်းမာရေး”ခေါင်းစဉ်ဖြင့်လည်းကောင်း အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား/သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ဆွေးနွေးသူများနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)