ဟုမ္မလင်းမြို့တွင် သစ်​တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုမြူငွေ့လျှော့ချရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ဟုမ္မလင်း နိုဝင်ဘာ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ် သစ်တောဦးစီးဌာနနှင့်​ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနကျောင်းတို့ပူးပေါင်း၍ ယမန်နေ့ နံနက်(၉)နာရီအချိန်က ဟုမ္မလင်းမြို့ အ.ထ.က (၂) ကျောင်း မဟောဓတာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ဟုမ္မလင်းမြို့နယ် သစ်တောဦးစီးဌာန တောအုပ်ကြီး ဦး​ဇေယျာက သစ်တောပြုစုထိန်းသိမ်းခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဧဆက်က ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များအား ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ အသိပညာ၊ ဗဟုသုတများ ပြည့်စုံစေရန်၊ အမှား၊ အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်အတွက် စာအုပ်၊ စာစောင်များကို လေ့လာဖတ်ရှုကြရေး၊ ငယ်စဉ်ကပင် စာဖတ်သည့် အလေ့အကျင့်ကောင်းများကို ပျိုးထောင်ကြရေး၊ အနာဂတ်တွင် နိုင်ငံတော်က အားထားရသည့် မျိုးဆက်သစ် လူငယ်လေးများ ဖြစ်လာရန်ရည်ရွယ်၍ အသိပညာပေးဟောပြောခဲ့ကြသည်။

ဆက်လက်၍ ဟုမ္မလင်းမြို့နယ် သစ်တောဦးစီးဌာန တောအုပ်ကြီး ဦးကျော်မြိုင်က တောမီးကာကွယ်ရေးနှင့် မီးခိုမြူငွေ့လျှော့ချရေး အသိပညာပေးဟောပြောခဲ့ပြီး၊ အ.ထ.က(၂) ကျောင်းအတွက် အလှူငွေများပေးအပ်ခြင်း၊ ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး နံရံက​ပ်စာစောင်ပြသခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝယ်ပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ဟုမ္မလင်းမြို့နယ် သစ်တောဦးစီးဌာန တောအုပ်ကြီး ဦး​ဇေယျာနှင့် ဝန်ထမ်းများ၊ ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဧဆက်၊ ဟုမ္မလင်းမြို့ အ.ထ.က(၂) ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမ/မများ၊ ကျောင်းသား/သူများ စုစုပေါင်း(၂၀၀)ဦးခန့်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဟုမ္မလင်း(ပြန်/ဆက်)