ကသာ နိုဝင်ဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးကြပ်၍ ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ကသာမြို့ ပညာတံခွန်ကိုယ်ပိုင်အထက်တန်းကျောင်း ယာယီခန်းမတွင် နိုဝင်ဘာလ (၂၆) ရက်နေ့ နံနက်(၁၀)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အခမ်းအနားတွင် ကသာခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းဆွေက ယခုဖွင့်လှစ်သောသင်တန်းသည် နိုင်ငံခြားမှ တင်သွင်းလာသည့် လူသုံးကုန်းပစ္စည်းနေရာတွင် ပြည်တွင်းဖြစ်လူသုံးကုန်များကို အစားထိုးနိုင်ရန်၊ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများထူထောင်ကြရန်၊ တစ်ဦးချင်းဝင်ငွေတိုးပွားစေရန်၊ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ လူသုံးကုန်ထုတ်လုပ်မှုဆိုင်ရာ ဥပဒေသများကို သိရှိနိုင်စေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ် ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်းနှင့် တစ်ပိုင်တစ်နိုင် စီးပွားရေးပြုလုပ်နိုင်ရန်အတွက် မိမိတို့ဌာနအနေဖြင့် ချိတ်ဆက်ကူညီ ဆောင်ရွက်မှုများ ပေးသွားမည်ဖြစ်ကြောင်း စသည်တို့ကိုပြောကြားခဲ့သည်။
ကသာခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုသင်တန်းတွင် ပန်းကန်ဆေးဆပ်ပြာရည်၊ အဝတ်လျှော်ဆပ်ပြာရည်၊ လက်ဆေးဆပ်ပြာရည်၊ ကိုယ်တိုက် ဆပ်ပြာရည်၊ ခေါင်းလျှော် ဆပ်ပြာရည်၊ သဘာဝခေါင်းလျှော် ဆပ်ပြာရည်၊ (Herabl) ရေချိုးဆပ်ပြာရည်၊ (Herabl/ ဓါတုနည်း)၊ အမွှေးရည် Scrub ပြုလုပ်နည်းနှင့် မျက်နှာသစ်ဆပ်ပြာပြုလုပ်နည်း (၁၅)မျိုး ပြုလုပ်နည်းများကို သင်ကြားပို့ချမည် ဖြစ်ပြီးသင်တန်းကို (၂၆-၁၁-၂၀၂၅)ရက်မှ (၃၀-၁၁-၂၀၂၅)ရက်နေ့ထိ သင်တန်းသား/သင်တန်းသူ (၂၀)ဦးဖြင့် စာတွေ့ လက်တွေ့သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာ(ကသာ)