ဖောင်းပြင် နိုဝင်ဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့် ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအား ရွေးကောက်ပွဲဆိုင်ရာသင်တန်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
ဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးတင်ဦးကျော်က ရွေးကောက်ပွဲဆိုင်ရာသင်တန်းများ ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ အမှာစကား ပြောကြားသည်။
ထို့နောက် တာဝန်ရှိသူတို့က သင်တန်းအား စတင်ပို့ချပြီး သင်တန်းတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိ ဒေါ်စုလှိုင်သန်းက မဲရုံမှူးတာဝန်များ၊ ဒုမဲရုံမှူးနှင့်အဖွဲ့ဝင်တာဝန်များ၊ (MEVM) မဲပေးစက်ဖြင့် ဆန္ဒမဲပေးခြင်း၊ ကြိုတင်ဆန္ဒမဲပေးခြင်း၊ ဆန္ဒမဲရေတွက်ခြင်း၊ ရပ်ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လမ်းညွှန်ချက်များနှင့်ပတ်သက်၍လည်းကောင်း၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်စိုးထွန်းက လုံခြုံရေးဆိုင်ရာများနှင့်ပတ်သက်၍လည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးစိုးမြင့်က ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများနှင့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများကိုနှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ရေးဥပဒေများနှင့်ပတ်သက်၍လည်းကောင်း၊ မြို့နယ်စာရင်းစစ်အရှာရှိ ဦးဇော်လွင်က ဆန္ဒမဲရလဒ်ရေးသွင်းခြင်းနှင့်ပတ်သက်၍ လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်လင်းအောင်က သတင်းမီဒီယာနှင့်ပတ်သက်၍လည်းကောင်း ပို့ချမည်ဖြစ်သည်။
အဆိုပါသင်တန်းအား ၂၉-၁၁- ၂၀၂၅ရက်နေ့မှ ၃၀-၁၁-၂၀၂၅ရက်နေ့အထိ ၂ရက်ပို့ချမည်ဖြစ်ပြီး မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့် ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ ၃၈ ဦး တက်ရောက် သင်ယူလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)