တမူးမြို့တွင် မဲဆန္ဒရှင်အမည်စာရင်း မြေပြင်အမှန်ပြည့်စုံမှန်ကန်‌စေ‌ရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူ

တမူး နိုဝင်ဘာ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်အတွင်း ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပရာတွင် အဓိကကျသည့် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် မြေပြင်ကွင်းဆင်း၍ တစ်အိမ်တက်ဆင်း (Door to Door) စနစ်ဖြင့် ကွင်းဆင်းတိုက်ဆိုင် စစ်ဆေးခြင်းကို ယမန်နေ့ နေ့လယ် (၂)နာရီအချိန်က ရပ်ကွက်များအတွင်း လှည့်လှည်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါမြို့နယ်အတွင်း တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက မြို့ပေါ် (၄)ရပ်ကွက်နှင့်   ကျေးရွာအုပ်စု (၁)အုပ်စုတို့တွင် (ဒုတိယ)အကြိမ်မဲစာရင်းများ ကပ်ထားကြေညာမှုကို ပြည်သူများလာရောက်ကြည့်ရှုမှုအပြင် အိမ်တိုင်ရာရောက် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် မိမိရပ်ကွက်/ကျေးရွာအတွင်း နေထိုင်သည့် အိမ်ထောင်စုအလိုက် မဲစာရင်း ပါ၊ မပါ တိုက်ဆိုင်စစ်ဆေး စာရင်းကောက်ယူနေမှုကို လိုက်လံကြည့်ရှု ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် အသက် (၁၈)နှစ် ပြည့်ပြီးသူများအနေဖြင့် မိမိတို့နေထိုင်ရာဒေသတွင် ပုံစံ (၆၆/၆) ရှိပြီး မဲစာရင်း၌ မိမိအမည်မပါဝင်ပါက ထည့်သွင်းပေးရန် တောင်းဆိုလွှာပုံစံ (၃)ဖြင့်လည်းကောင်း၊ မဲစာရင်းပါအမည်နှင့် အခြားအချက်အလက်များအား ကန့်ကွက်ရန်ရှိပါက ကန့်ကွက်လွှာပုံစံ (၄) ဖြင့်လည်းကောင်း၊ မဲစာရင်းပါအချက်အလက်တစ်ခုခုကို ပြင်ဆင်ရန်ရှိပါက ပြင်ဆင်လွှာပုံစံ (၄-ဂ) ဖြင့်လည်းကောင်း မဲစာရင်းထုတ်ပြန်ကြေညာသည့်ရက်မှစ၍ (၁၄)ရက် အတွင်းသက်ဆိုင်ရာ  ရပ်ကွက်နှင့်ကျေးရွာကော်မရှင်အဖွဲ့ခွဲမှတစ်ဆင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ သတ်မှတ်ပုံစံများဖြင့် လျှောက်ထားနိုင်ကြောင်း သိရသည်။

ရတနာ(ပြန်/ဆက်)