နေပြည်တော် ဒီဇင်ဘာ ၁
နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်သည် ဒက္ခိဏသီရိမြို့နယ်စိုက်ကြပ်ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်အတူ နိုဝင်ဘာ ၂၉ ရက်နေ့က ဒက္ခိဏသီရိမြို့နယ်၊ ကျွန်းတပဲ့ကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၈၁၃၊ တောင်သူ ဒေါ်သန်းလှိုင်၏ မိုးစပါးစိုက်ခင်း၌ ကျင်းပသည့် မိုးစပါးစံကွက်ရိတ်သိမ်းပွဲအခမ်းအနားကို တက်ရာက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်က တာဝန်ရှိသူများအား ပန်းတိုင်အထွက်နှုန်းများ ရရှိစေရေးအတွက် (မျိုး၊ မြေ၊ ရေ၊ နည်း) ဟူသည့် နည်းလမ်းလေးရပ်ကို လစ်ဟာမှုမရှိအောင် စီမံဆောင်ရွက်ရန်၊ ဆောင်းသီးနှံနှင့် နွေသီးနှံများကို အချိန်မီစိုက်ပျိုးနိုင်ရေးအလေးထားဆောင်ရွက် ကြရန်မှာကြားခဲ့ပြီး တောင်သူ ဒေါ်သန်းလှိုင်၏ မိုးစပါးစိုက်ခင်းတွင် အောင်နိုင်တိုးစပါး စံကွက်ရိတ်သိမ်းခြင်း၊ စပါးချိန်တွယ်ခြင်းများကို ကြည့်ရှုအားပေးကြရာ တစ်ဧကလျှင်အစိုအထွက်နှုန်း ၁၃၀တင်း၊ အခြောက်အထွက်နှုန်း ၁၁၇တင်း ထွက်ရှိကြောင်း သိရသည်၊၊
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများသည် ချိုင်းကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၆၇၀ ကွင်းအတွင်းရှိ တောင်သူ ဒေါ်ခေါင်ညွယ်၏ လယ် လေးဒသမသုညဧကအား အောင်နိုင်တိုး မိုးစပါး စံကွက်ရိတ်သိမ်းနေမှုကို ဆက်လက်ကြည့်ရှုအားပေးရာ တစ်ဧကလျှင်အစိုအထွက်နှုန်း ၁၂၅ တင်း၊ အခြောက်အထွက်နှုန်း ၁၁၀ တင်း ထွက်ရှိကြောင်း သိရသည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်သည် တာဝန်ရှိသူများနှင့်အတူ ဒက္ခိဏသီရိမြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် ဒက္ခိဏသီရိရပ်ကွက်၊ ရွှေအင်ကြင်းရပ်ကွက်အတွင်းနှင့် မြို့နယ်ကုတင်(၅၀)ဆံ့ ဆေးရုံပတ်လမ်းတို့တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများမှ ရေမြောင်းများဆယ်ယူရှင်းလင်းခြင်း၊ အလင်းဖွင့်ခြင်း၊ သစ်ပင်ချုံနွယ်အမှိုက်များ ခုတ်ထွင်ဖယ်ရှားရှင်းလင်း၍ ပတ်ဝန်းကျင်သန့်ရှင်း သာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်သည် ဒက္ခိဏသီရိမြို့နယ်အတွင်း မဲဆန္ဒရှင်ပြည်သူများ လာရောက်ကြည့်ရှုနေမှု အခြေအနေများနှင့် ရပ်ကျေးကော်မရှင်၊ ဌာနဆိုင်ရာများ ပူးပေါင်း၍ တစ်အိမ်တက်ဆင်း မဲဆန္ဒရှင်စာရင်းများ တိုက်ဆိုင်စီစစ်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး နေပြည်တော်ကောင်စီဝင်က နိုင်ငံသားတိုင်း မဲပေးနိုင်ခွင့်အခွင့်အရေး ပြည့်ဝစွာရရှိစေရေးနှင့် မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာဝန်ကို ထမ်းဆောင်ခြင်းဖြစ်ကြောင်းမှာကြားခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်သူရဦး(ဒက္ခိဏ)