နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အကြိုအထိမ်းအမှတ် မသန်စွမ်းအားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲတက်ရာက်၊ ဝန်ထမ်းအိမ်ရာအသစ် ဆောက်လုပ်နေမှုကြည့်ရှုစစ်ဆေး

နေပြည်တော် ဒီဇင်ဘာ ၂

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအနေဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ နေပြည်တော်ကော်မတီမှ ကြီးမှူးကျင်းပသည့် မသန်စွမ်းအားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ပေါင်းလောင်းအားကစားကွင်း၌ ကျင်းပသည်။

အဆိုပါ မသန်စွမ်းအားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်ဇနီး၊ နေပြည်တော်ကောင်စီဝင်များနှင့် ဇနီးများ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ နေပြည်တော် အမျိုးသမီးရေးရာအဖွဲ့ နာယက၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ၊ မသန်စွမ်းအားကစားသမားများ တက်ရောက်ကြသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် မသန်စွမ်းအားကစား ပြိုင်ပွဲတွင် အပြေးပြိုင်ပွဲ(အကြီးတန်းအဆင့်ကျား/မ)၊ အပြေးပြိုင်ပွဲ(အငယ်တန်းအဆင့် ကျား/မ)၊ ဝှီးချဲလ်အပြေးပြိုင်ပွဲ(ကျား/မ)၊ သံလုံးပစ်ပြိုင်ပွဲ(ကျား/မ)၊ သံပြားပစ်ပြိုင်ပွဲ(ကျား/မ)၊ လှံတံပစ်ပြိုင်ပွဲ(ကျား/မ)တို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များက မသန်စွမ်းအားကစားပြိုင်ပွဲများအလိုက် ဆုရရှိကြသည့် မသန်စွမ်းအားကစားသမားများအား ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး နေပြည်တော် အမျိုးသမီးရေးရာအဖွဲ့နာယက၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက မသန်စွမ်းအမျိုးသမီးများအတွက် အလှူငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊ အကွက်အမှတ်(၈-က)သို့ သွားရောက်ပြီး ရှင်းလင်းဆောင်တွင် အမှုထမ်းအိမ်ရာများ (၄) ခန်းတွဲ၊ (၄) ထပ် အသစ်ဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး တည်ဆောက်ရေးလုပ်ငန်းများကို အချိန်မီပြီးစီးအောင် ဆောင်ရွက်ရေး၊   ဝန်ထမ်းအိမ်ရာများ အမြန်ဆုံးပြီးစီးမှသာ နေရေးထိုင်ရေးခက်ခဲနေသည့် ဝန်ထမ်းများကို နေရာပြန်ချပေးထားနိုင်မှာဖြစ်ကြောင်း၊ လုပ်ငန်းများသတ်မှတ် စံချိန်စံညွှန်းနှင့် အညီ ဆောင်ရွက်ရေး၊ အရည်အသွေးပြည့်မှီ‌သော ပစ္စည်းများကိုသာ လုပ်ငန်းခွင်တွင် အသုံးပြုရေး၊ သဘာဝဘေးဒဏ်ခံနိုင်ရည်ရှိအောင်‌ ဆောင်ရွက်ရန်နှင့် တာဝန်ရှိသူများအဆင့်ဆင့် အလေးထားကြီးကြပ်‌ဆောင်ရွက်ရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေးကိုလည်း အလေးထားဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။

ယင်းနောက် နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင် ဦးထွန်းထွန်းနှင့် တာဝန်ရှိသူများက လုပ်ငန်းပြီးစီးမှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် ဆောက်လုပ်ရေးကုမ္ပဏီများက သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီ၊ ဇမ္မူသီရိခန်းမ၌ ကျင်းပသော ဒီဇင်ဘာအားကစားလ အားကစားလှုပ်ရှားမှုများကျင်းပရေးနှင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

ဦးစွာ နေပြည်တော်အားကစားနှင့် ကာယပညာကော်မတီနာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်၏ လူမှုရေးဦးတည်ချက်တွင် တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင်ဆောင်ရွက်ရေးဆိုတဲ့ ဦးတည်ချက်ကို ချမှတ်ပြီး အကောင်အထည်ဖော်လျက်ရှိရာ နိုင်ငံတော်ယာယီသမ္မတမှလည်း အားကစားကဏ္ဍအား အားပေးချီးမြှောက်လျက်ရှိပါကြောင်း၊ နေပြည်တော်ကောင်စီအနေနဲ့ နယ်ပယ်စုံ၊ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေး အားထုတ်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး အားကစားကဏ္ဍတိုးတက်ရေးအတွက်လည်း အလေးထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အားကစားအဆင့်အတန်းမြင့်မားခြင်းသည် တိုင်းပြည်ချစ်စိတ်ကို ပိုမိုဖြစ်ပေါ်စေပြီး ထိုမှတစ်ဆင့် တိုင်းပြည်ကိုကာကွယ်စောင့်ရှောက် မြှင့်တင်ဆောင်ရွက်ပေးနိုင်မှုကို အထောက်အကူပြုစေမှာဖြစ်ပါကြောင်း၊ ယခင်နှစ်ကကျင်းပပြုလုပ်ခဲ့သည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် အားကစားနည်း(၂၃)နည်းဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး နေပြည်တော်အနေဖြင့် အားကစားနည်း(၂၃)နည်း ပါဝင်ယှဉ်ပြိုင်ခဲ့ရာ အဆင့်(၁၁)ရရှိခဲ့ပြီး မသန်စွမ်းအားကစားနည်း(၄)နည်းတွင် အဆင့်(၆)ရရှိခဲ့ပါ‌ကြောင်း၊ ဆက်လက်ပြီး ၂၀၂၅ ခုနှစ်တွင်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲ(၁၅)နည်း ကျင်းပပြုလုပ်ခဲ့ရာ နေပြည်တော်အနေဖြင့် ပြိုင်ပွဲအားလုံးပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အဆင့်(၁၃)ရရှိခဲ့ပါ‌ကြောင်း၊ မကြာမီ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး အားကစားနည်း(၅၄)နည်း ထည့်သွင်းကျင်းပမှာဖြစ်ပါ‌ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း(၃၈)နည်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊ မကြာမီအားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ဦးဆောင်၍ ကျင်းပမည့် ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို နေပြည်တော်ကောင်စီအနေနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်သွားမှာဖြစ်ပြီး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မြို့နယ်များမှာ လူထုစုပေါင်းလမ်းလျှောက်ပွဲများ၊ အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများနှင့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို ယခင်ကထက်ပိုမို၍ စည်ကားသိုက်မြိုက်စွာ ကျင်းပပေးသွားမှာဖြစ်ပါကြောင်း၊ လာမည့် ၂၀၂၆ ခုနှစ်မှာ ကျင်းပမည့် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြက္ခဒိန်ဟာ မကြာမီထွက်ရှိလာမှာဖြစ်ပြီး အဆိုပါအားကစားပြိုင်ပွဲများကို နေပြည်တော်မှ အဆင့်မီမီ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် မြို့နယ်အဆင့်မှစ၍ အားကစားပြိုင်ပွဲများကျင်းပစေပြီး စနစ်တကျလူရွေးချယ်ခြင်းများ ပြုလုပ်ကာ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား (၈)မြို့နယ်အားကစားပြိုင်ပွဲများ ကျင်းပသွားမှာဖြစ်ပါကြောင်း၊  ဒါမှသာ ပြိုင်ပွဲဝင်အားကစားသမားများ လေ့ကျင့်မှုပြည့်ဝကာ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများတွင် နေပြည်တော်အနေဖြင့် အောင်မြင်မှုများ ပိုမိုရရှိလာမှာဖြစ်ပါကြောင်း၊ အားကစားအသင်းတစ်သင်း အောင်မြင်မှုရရှိဖို့ဆိုရင် အရည်အချင်းရှိတဲ့ အားကစားသမားများ ပါဝင်ဖို့လိုသလို၊ အဆင့်မီနည်းပြများနဲ့ အားကစားသမားများအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပံ့ပိုးဆောင်ရွက်ပေးနိုင်မှသာ မျှော်မှန်းတဲ့အောင်မြင်မှုကို ရရှိနိုင်မှာဖြစ်ပါ‌ကြောင်း၊ အဆင့်မီနည်းပြများနဲ့ အရည်အချင်းရှိတဲ့ အားကစားသမားများရရှိရေးကိုတော့ အားကစားနည်းအလိုက် ကျွမ်းကျင်သူများ ရှာဖွေဖော်ထုတ်လေ့ကျင့်ပြီး လိုအပ်သည့် ပံ့ပိုးမှုများကိုတော့ ဒီကနေ့အစည်းအဝေးကို တက်ရောက်လာကြတဲ့ အားကစားနည်းအလိုက်ဥက္ကဋ္ဌများနှင့် လုပ်ငန်းရှင်များမှ အကြုံပြုဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက နေပြည်တော်အားကစားအသင်းများ အဆင့်မီဝင်ရောက်ယှဉ်ပြိုင်ရေး၊ အောင်မြင်မှုရရှိရေးနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြပြီး နေပြည်တော် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနေမျိုးလွင်က ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများသို့ နေပြည်တော် အားကစားအသင်းများ ဝင်ရောက်ယှဉ်ပြိုင်မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကာ တက်ရောက်လာသူများမှ သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ဥတ္တရ)