ခန္တီး ဒီဇင်ဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် လာမည့်ဒီဇင်ဘာလ(၂၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ အောင်ဇော်ထက်က အဖွင့်အမှာစကားပြောကြားရာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ပြုလုပ်မည့်ရက်မှာ နီးကပ်လာ ပြီဖြစ်သည့်အတွက် ဌာနဆိုင်ရာအကြီးအကဲများအနေဖြင့် မိမိတာဝန်ကျရာကျေးရွာများရှိ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ထားရှိရန် လိုအပ်ကြောင်း၊ နိုင်ဝင်ဘာလ(၂၁) ရက်နေ့မှစ၍ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားပြီး ဖြစ်သည့်အတွက် မှန်ကန်မှုရှိစေရေး ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးများအနေဖြင့် အလေးထားဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ပြုလုပ်မည့်ပါတီစုံ ဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲအောင်မြင်စေရေး အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက်တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးတို့က လုပ်ငန်းဆောင်ရွက်ရာတွင် လိုအပ်သည်များကို တင်ပြဆွေးနွေးရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းသန်းထိုက်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ အဆိုပါအခမ်းအနားသို့ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ ခန္တီးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ စုစုပေါင်းအင်အား(၁၇၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)