စစ်ကိုင်း ဒီဇင်ဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်စွာမောင်စိုးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေး သက်ဆိုင်ရာဌာနများ၊ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲဝင်များမှ ပတ္တမြားရပ်ကွက်၊ ရွှေမင်းဝံရပ်ကွက်များတွင် တစ်အိမ်တက်ဆင်း Door To Door စနစ်ဖြင့် မြေပြင်ကွင်းဆင်း၍ စာရင်းကောက်ယူနေမှုအားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရာတွင် မြို့နယ်မဲစာရင်းမှန်ကန်စေရေး ကြီးကြပ်လုပ်ငန်းအဖွဲ့ ခြောက်ဖွဲ့မှ တာဝန်ရှိသူများက နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့် အခွင့်အရေး ပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် မဲစာရင်းများကို အိမ်တိုင်ရာရောက် ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ကြောင်းသိရသည်။
ထို့နောက် လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်နှင့် တာဝန်ရှိသူများသည် ဒို့အတူတူ မဲပေးကြမယ် Billboard များစိုက်ထူမည့် နေရာများ၊ အ.ထ.က(၁) ကျောင်းတွင် မြို့နယ်အဆင့် လူရည်ချွန်စာမေးပွဲဖြေဆိုနေမှု၊ ပိုးတန်းဓမ္မာရုံတွင် ဖွင့်လှစ်သည့် အသက်မွေးဝမ်းကြောင်း အထောက်အကူပြုသင်တန်းတွင် သင်တန်းသားများမှ ပိုက်ဆက်နည်းနှင့် ကြွေပြားကပ်နည်းများ လက်တွေ့ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
နေလင်းအောင်(ပြန်/ဆက်)