ကယားပြည်နယ်ဝန်ကြီးချုပ် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး တစ်အိမ်တက်ဆင်း မဲစာရင်းများတိုက်ဆိုင်စစ်ဆေးဆောင်ရွက်မှု လိုက်လံကြည့်ရှု

လွိုင်ကော် ဒီဇင်ဘာ ၄

ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့ပေါ် ရပ်ကွက်များတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများက မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် တစ်အိမ်တက်ဆင်း မဲစာရင်း တိုက်ဆိုင်စစ်ဆေးဆောင်ရွက်မှုကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့၊ လောဓမ္မရပ်ကွက်အတွင်းရှိ နေအိမ်များတွင် ဌာနဆိုင်ရာဝန်ထမ်းများက မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး မဲစာရင်းတိုက်ဆိုင်စစ်ဆေးဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး မဲပေးပိုင်ခွင့်ဆုံးရှုံးမှုမရှိစေရေး၊ မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်ခြင်းမရှိစေရေးနှင့် မဲစာရင်းများပြည့်စုံမှန်ကန်စေရေး အထူးအလေးထားဆောင်ရွက်ကြရန်နှင့် မဲစာရင်းများပြည့်စုံမှန်ကန်စွာဖြင့် စစ်ဆေးခြင်းလုပ်ငန်းများ ပြီးစီးအောင် တာဝန်ရှိသူအားလုံးက စနစ်တကျဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့ ဒေါတမရပ်ကွက်၊ အောင်သီဟရပ်ကွက်နှင့် နမ့်ဘော်ဝမ် (ခ) ရပ်ကွက်များတွင် ဌာနဆိုင်ရာဝန်ထမ်းများက အစုအဖွဲ့များအလိုက် တစ်အိမ်တက်ဆင်း မဲစာရင်းများတိုက်ဆိုင်စစ်ဆေးနေမှုကို လိုက်လံကြည့်ရှုခဲ့သည်။

ကယားပြည်နယ်အတွင်း မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး တစ်အိမ်တက်ဆင်း မဲစာရင်းတိုက်ဆိုင်စစ်ဆေးခြင်းကို ဌာနဆိုင်ရာဝန်ထမ်းများ အစုအဖွဲ့ ၅၆ ဖွဲ့ဖြင့် ကောက်ယူတိုက်ဆိုင် စစ်ဆေးခဲ့ရာ ယမန်နေ့အထိ ၅၂ ရာခိုင်နှုန်းကျော် ကောက်ယူတိုက်ဆိုင်စစ်ဆေးပြီး ဖြစ်ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)