ကယားပြည်နယ်ဝန်ကြီးချုပ် နှစ်ရှည်သီးနှံနှင့် ဟင်းသီးဟင်းရွက် စံပြစိုက်ခင်းများ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု ကြည့်ရှုစစ်ဆေး

လွိုင်ကော် ဒီဇင်ဘာ  ၄

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး အလေးထားကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ လွိုင်ကော်မြို့၊ နောင်ယား(က)ရပ်ကွက်ရှိ နှစ်ရှည် သီးနှံများနှင့် ဟင်းသီးဟင်းရွက် စံပြစိုက်ခင်း စိုက်ပျိုးထားရှိမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟင်းသီးဟင်းရွက်စံပြစိုက်ခင်းအတွင်း နှစ်ရှည်သီးနှံများ၊ ပေါင်တင်နှင့် စင်တင်သီးနှံများ စိုက်ပျိုးထားရှိမှုနှင့် အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများကသီးနှံများ စိုက်ပျိုးထားရှိမှုများကို လိုက်လံရှင်းလင်းတင်ပြကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က တောင်သူ အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးရန်၊ တောင်သူများခေတ်မီ စိုက်ပျိုးနည်းစနစ်များကို အသုံးပြုစိုက်ပျိုးနိုင်အောင် သုတေသနလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ရန်နှင့် ဟင်းသီးဟင်းရွက်များ ပြည်နယ်အတွင်း စားသုံးမှုဖူလုံပြီး ပြည်နယ်ပြင်ပသို့ တင်ပို့ နိုင်သည်အထိ တိုးချဲ့စိုက်ပျိုးနိုင်ရေး ကူညီဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

အဆိုပါ ဟင်းသီးဟင်းရွက် စံပြစိုက်ခင်းတွင် နှစ်ရှည်သီးနှံများဖြစ်သည့် ငှက်ပျော၊ မာလကာ၊ သင်္ဘော၊ နာနတ် စိုက်ခင်းများ၊ ပေါင်တင်စိုက်ပျိုးသီးနှံများဖြစ်သည့် ခရမ်း၊ ငရုတ်၊ မုံလာ၊ မုံညင်း၊ ရုံးပတီစိုက်ခင်းများနှင့် စင်တင်စိုက်ပျိုးသီးနှံများဖြစ်သည့် ဘူး၊ ဖရုံ၊ ဂေါ်ရခါး၊ ကြက်ဟင်းခါး၊ ပဲစောင်းလျား၊ တိုင်ထောင်ပဲ စသည့် သီးနှံစိုက်ခင်းများ စိုက်ပျိုးထားရှိပြီး တောင်သူအသိပညာပေး သရုပ်ပြလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)